
ခရီမိုနိစ်သို့မပြောင်းမီ နည်းပြဟောင်း မာရက်စ်ကာထံမှ အကြံဉာဏ်ရရှိခဲ့ကြောင်း ဗာဒီဖွင့်ဟ
အင်္ဂလန်လက်ရွေးစင်ဟောင်း ဂျေမီဗာဒီက အီတလီစီးရီးအေကလပ် ခရီမိုနိစ်သို့မပြောင်းရွှေ့ခင်မှာ လက်ရှိချဲလ်ဆီးကိုကိုင်တွယ်နေတဲ့ လက်စတာနည်းပြဟောင်း အန်ဇိုမာရက်စ်ကာထံမှ အကြံဉာဏ်တွေရရှိခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ဗာဒီဟာ လက်စတာနဲ့အတူ ၁၃ နှစ်တာကာလကို ကျော်ဖြတ်ခဲ့ပြီးနောက် ယခုအခါမှာတော့ ခရီမိုနိစ်သို့ပြောင်းရွှေ့ပြီး ကစားသမားဘဝကို ရှေ့ဆက်သွားမှာဖြစ်ပါတယ်။ အသက်-၃၈ နှစ်အရွယ်ဝါရင့်တိုက်စစ်မှူးဟာ ခရီမိုနိစ်နဲ့ ၁ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကိုချုပ်ဆိုထားပြီး ကျောနံပါတ် ၁၀ ကိုဝတ်ဆင်သွားမှာဖြစ်ပါတယ်။
ဗာဒီအနေနဲ့ လက်စတာမှထွက်ခွာပြီးနောက် ကစားသမားဘဝမှ အနားယူမယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့် ယခုအခါမှာတော့ ဥရောထိပ်သီးလိဂ်တစ်ခုမှာ ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ လက်ရှိ ဖီယင်နုကို ကိုင်တွယ်နေတဲ့ ရော်ဘင်ဗန်ပါစီကလည်း ဗာဒီကို ကမ်းလှမ်းမှုပြုလုပ်ခဲ့သေးပေမယ့် ကစားသမားဟာ ခရီမိုနိစ်ကိုသာရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။
ဗာဒီအနေနဲ့ ခရီမိုနစ်သို့ပြောင်းရွှေ့ခဲ့ခြင်းမှာ နည်းပြဟောင်း အန်ဇိုမာရက်စ်ကာရဲ့ အကြံပေးတိုက်တွန်းမှုတွေကြောင့်လည်းဖြစ်တယ်လို့သိရပါတယ်။ အင်္ဂလန်သားက "ပြီးခဲတဲ့ နွေရာသီကာလတစ်လျှောက်လုံး ကျွန်တော် နည်းပြဟောင်းတွေဖြစ်တဲ့ ရာနီရေးနီ၊ မာရက်စ်ကာ၊ ကမ်ဘီယာဆိုတို့နဲ့ တွေ့ဆုံစကားပြောနေခဲ့ပါတယ်။ ဒီအသင်းကိုပြောင်းဖို့ကတော့ မာရက်စ်ကာရဲ့ အကြံပေးချက်ပါ။ ခရီမိုနာမြို့ရဲ့ကောင်းကြောင်းတွေနဲ့ ဒီအသင်းအကြောင်းတွေ ကျွန်တော့်ကိုသူ ပြောပြခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်ဒီကိုပြောင်းရွှေ့လာတာ သူပေးတဲ့အကြံဉာဏ်ကြောင့်ပါ" လို့ပြောကြားခဲ့ပါတယ်။
ဗာဒီအနေနဲ့ ခရီမိုနိစ်သို့ရောက်ရှိနေပြီဖြစ်ပေမယ့် နိုင်ငံတကာပွဲစဉ်တွေ ကျင်းပနေချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် အခုချိန်အထိတော့ အသင်းအတွက် စတင်ကစားခွင့်မရသေးပါဘူး။ လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့မှာတော့ ခရီမိုနိစ်ဟာ စီးရီးအေပွဲစဉ်အဖြစ် ဗီရိုနာနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဗာဒီတစ်ယောက် အသင်းသစ်အတွက် စတင်ကစားခွင့်ရရှိသွားမလား စောင့်ကြည့်ရပါမယ်။