
ဂျေဒန်ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၁၇ သန်းဖြင့် သဘောတူညီလိုက်တဲ့ ယူနိုက်တက်
ယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ ဂျေဒန် ဆန်ချို ကို ရောင်းချနိုင်ဖို့ ကြိုးပမ်းနေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ချဲလ်ဆီးက တောင်ပံကစားသမားကို ပေါင် ၂၅ သန်းနဲ့ ခေါ်ယူခွင့်ကို ငြင်းပယ်ခဲ့ပြီး သူ့ကို အိုးထရက်ဖို့ဒ်ကို ပြန်ပို့ဖို့အတွက် ပေါင် ၅ သန်း ဒဏ်ကြေး ပေးဆောင်ခဲ့လို့ပါ။
ဆန်ချိုဟာ ပြီးခဲ့တဲ့လက နာပိုလီနဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပေမဲ့ စီးရီးအေ ချန်ပီယံတွေက ယူနိုက်တက်ရဲ့ ယူရို ၂၅ သန်း (ပေါင် ၂၁.၃ သန်း) တောင်းဆိုဈေးကို မပေးချေခဲ့ပါဘူး။
La Stampa သတင်းစာရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်ဟာ ဒီအပတ်ထဲမှာ ဆန်ချိုအတွက် ယူနိုက်တက်နဲ့ "အပြုသဘောဆောင်တဲ့" ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ပြီး ယူရို သန်း ၂၀(ပေါင် ၁၇.၃ သန်း) တန်ကြေးရှိတဲ့ ပြောင်းရွှေ့မှု သဘောတူညီခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ သတင်းက ဆန်ချိုဟာ ဂျူဗင်တပ်စ်နဲ့ တစ်နှစ်ကို ယူရို ၆ သန်း (ပေါင် ၅.၂ သန်း) ကျော် တန်ဖိုးရှိတဲ့ စာချုပ်ကိုလည်း သဘောတူညီထားတယ်လို့ ဆိုပါတယ်။ သို့ပေမဲ့ ယူနိုက်တက်နဲ့ ဆန်ချိုတို့ဟာ နစ်နာကြေး သဘောတူညီမှု မရရှိသေးဘဲ အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့အတွက် အနည်းဆုံး ယူရို ၅ သန်း (ပေါင် ၄.၃ သန်း) ကို တောင်းဆိုနေပါတယ်။
ဆန်ချိုဟာ ဒီနွေရာသီမှာ ပြောင်းရွှေ့လိုတဲ့ သူ့ဆန္ဒကို ယူနိုက်တက်ကို အသိပေးထားပြီး ကလပ်ကလည်း တောင်ပံကစားသမားကို ဒီအပတ်မှာ ရာသီကြို လေ့ကျင့်ရေးကို ပြန်လာစရာ မလိုကြောင်း ပြောကြားထားပါတယ်။
အယ်လီဟန်ဒရို ဂါနာချို ၊ မာကပ်စ် ရက်ရှ်ဖို့ဒ် ၊ အန်တိုနီ ၊ တိုင်ရယ်လ် မာလာစီယာ တို့ကိုလည်း သူတို့ရဲ့ အနာဂတ်တွေကို ဖြေရှင်းဖို့အတွက် အချိန်ပို ပေးထားပါတယ်။ ဒါပေမဲ့ ရက်ရှ်ဖို့ဒ်ကတော့ တနင်္လာနေ့မှာ ကာရင်တန်ကို မမျှော်လင့်ဘဲ ပြန်လာခဲ့ပါတယ်။
ယူနိုက်တက်နဲ့ တစ်ပတ်ကို ပေါင် ၃၀၀,၀၀၀ တန်ဖိုးရှိတဲ့ စာချုပ် သက်တမ်းတစ်နှစ် ကျန်ရှိနေသေးတဲ့ ဆန်ချိုဟာ လွန်ခဲ့တဲ့ လေးနှစ်က ဒေါ့မွန်ကနေ ပေါင် ၇၃ သန်းနဲ့ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းဟာ ဒီနွေရာသီမှာ ဆန်ချိုနဲ့ ချိတ်ဆက်မှုတွေ ရှိခဲ့ပေမဲ့ ဘွန်ဒက်စ်လီဂါကလပ်ကတော့ အဆိုပါ ပြောင်းရွှေ့မှုနဲ့ ဝေးကွာနေကြောင်း ပြောကြားခဲ့ပါတယ်။
"ဂျေဒန်နဲ့ အဆက်အသွယ်က တစ်နည်းမဟုတ်တစ်နည်း အမြဲရှိနေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ သမိုင်းကြောင်း အရမ်းရှည်လျားလို့ပါ"
"ဒါပေမဲ့ အခုအချိန်မှာတော့ ဒါက ကျွန်တော်တို့အတွက် ကိစ္စ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ဒီအချိန်မှာ ဦးစားပေးတွေ ရှိနေတာကြောင့် ဆန်ချိုကိစ္စက အတွင်းပိုင်းထက် မီဒီယာမှာ ပိုမို ပြောဆိုခြင်း ခံရတာ ဖြစ်နိုင်ပါတယ်" လို့ ဒေါ့မွန်ရဲ့ အားကစားဒါရိုက်တာ ဆီဘက်စတီယန် ကယ်လ်က Ruhr Nachrichten ကို ပြောပါတယ်။