The network connection is lost.

Banner Image

အဲဗာတန်အသင်းထံ သတိပေးစကားဆိုလိုက်တဲ့ မန်စီးတီးစတား

မန်စီးတီးစတား ဂျက်ဂရီးလစ်ချ်တစ်ယောက် အဲဗာတန်အသင်းထံ အငှားနဲ့ပြောင်းရွှေ့တော့မှာဖြစ်ပြီး ပေါင်သန်း ၅၀ နဲ့ အပြီးသတ်ဝယ်ယူခွင့်လည်း ပါဝင်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်သားက အဲဗာတန်အနေနဲ့ သူ့ကစားသမားဘဝကို ပြန်လည်တည်ဆောက်နိုင်မယ့်အကောင်းဆုံးနေရာမဟုတ်ဘူးလို့ သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ရာသီမကုန်ခင် ဂွါဒီယိုလာက ဂျက်ဂရီးလစ်ချ်အနေနဲ့ စီးတီးမှာသူဆက်မနေချင်တော့ဘူးလို့ အသိပေးခဲ့ကြောင်း ပြောကြားခဲ့သလို ကလပ်ကမ္ဘာ့ဖလားလူစာရင်းမှာလည်း မပါဝင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၉ နှစ်သားဟာ ၂၀၂၁ တုန်းက ပေါင်သန်း ၁၀၀ နဲ့ ဗီလာအသင်းထံကနေ စီးတီးထံပြောင်းရွှေ့လာခဲ့ကာ လွန်ခဲ့တဲ့ ၂ နှစ် စီးတီးဖလား ၃ လုံးချန်ပီယံဖြစ်ရေးမှာ အဓိကနေရာကနေပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲ့ကတည်းက အင်္ဂလန်သားဟာ ရုန်းကန်လာခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက လိဂ်ဂိုး ၁ ဂိုးသာသွင်းယူနိုင်ခဲ့သလို ယူရို ၂၀၂၄ လူစာရင်းကနေပါ ချန်လှပ်ခံခဲ့ရပါတယ်။ စီးတီးမှာ အကောင်းဆုံးခြေစွမ်းနဲ့အတူ ပြန်လည်စတင်နိုင်ဖို့ ဂရီးလစ်ချ်တစ်ယောက် မျှော်လင့်နေပြီး တူချယ်ရဲ့လူစာရင်းမှာ ပါဝင်ချင်နေပါတယ်။

နာပိုလီအသင်းက စီးတီးစတားကို စိတ်ဝင်စားနေပေမယ့် အဲဗာတန်က အလျင်အမြန်ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး လာမယ့်တနင်္လာနေ့ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ပွဲဦးထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။ အခုအပြောင်းအရွှေ့က ၂ ဦး ၂ ဖက်အဆင်ပြေတဲ့အပြောင်းအရွှေ့ဖြစ်ပေမယ့် ဘောလုံးကျွမ်းကျင်သုံးသပ်သူ ဆိုင်မွန်ကတော့ ဂရီးလစ်ချ်အနေနဲ့ အဲဗာတန်မှာ ပုံစံကောင်းပြန်ရနိုင်မယ်လို့ မထင်မိကြောင်း ပြောကြားခဲ့ပါတယ်။

“ဒီလိုနာမည်ကြီးတွေကို အငှားနဲ့ခေါ်ယူတာတွေမြင်ဖူးပါတယ်။ စတာလင်တစ်ယောက် အာဆင်နယ်ကိုပြောင်းရွှေ့ခဲ့ပေမယ့် ဘာမှထူးမလာပါဘူး။ ဆန်ချိုလည်း အတူတူပါပဲ။ ချဲလ်ဆီးမှာ ဘာမှထူးမလာပါဘူး။ ဂရီးလစ်ချ်လည်း အတူတူပဲဖြစ်လာနိုင်ပါတယ်။ မိုယက်စ်အနေနဲ့ သူ့ကိုဘယ်လိုပြောင်းလဲပေးမလဲဆိုတာ စိတ်ဝင်စားစရာပါ။ မိုယက်စ်က ဝက်စ်ဟမ်းမှာတုန်းက ကြီးမားတဲ့ဝေဖန်ခံရမှုတွေရှိခဲ့ပါတယ်။ 

ဂရီးလစ်ချ်အနေနဲ့က ကျွန်တော့်အမြင်အရဆိုရင် အဲဗာတန်ထက်ပိုကောင်းတဲ့ နာပိုလီအသင်းထံပြောင်းရွှေ့သင့်တာပါ။ ဒါပေမယ့် အဲဗာတန်က အပြောင်းအရွှေ့ဖြစ်အောင်လုပ်ဆောင်ခဲ့ပြီးသလို ကစားသမားရဲ့လုပ်ခလစာလည်း အများကြီးဖြစ်နေပါတယ်။ အဲဗာတန်အတွက် ဘယ်လောက်အထိ အလုပ်ဖြစ်မလဲဆိုတာကို စောင့်ကြည့်ရပါမယ်”လို့ ဆိုင်မွန်က ပြောကြားခဲ့ပါတယ်။