
ဖလော်ရီယန်ဝစ်ဇ်ရဲ့ ပရီးမီးယားလိဂ်ကစားသမားဘ၀ ရုန်းကန်နေရမှုအပေါ် ကာကွယ်ပြောဆိုလိုက်တဲ့ နာဂယ်စ်မန်း
ဂျာမနီနည်းပြနာဂယ်စ်မန်းက ဖလော်ရီယန်ဝစ်ဇ်အပေါ် ကာကွယ်ပြောဆိုပေးခဲ့ပြီး လီဗာပူးမှာ အထနှေးနေတဲ့ ဂျာမန်စတားနဲ့ပတ်သက်လို့ ကစားသမားရဲ့အသင်းဖော်သစ်တွေကို ဝေဖန်သွားခဲ့ပါတယ်။ ကြိုးကြာနီတွေက အခုနွေရာသီမှာ ဖလော်ရီယန်ဝစ်ဇ်ကို ဘိုင်ယန်မြူးနစ်၊ မန်စီးတီးတို့နဲ့ယှဉ်ပြိုင်ကာ အမိအရခေါ်ယူနိုင်ခဲ့ပါတယ်။ နာဂယ်စ်မန်းကတော့ ဖလော်ရီယန်ဝစ်ဇ်နဲ့အတူ ကလပ်အသင်းမှာရှိနေသူတွေကို ဝေဖန်ခံရဖို့ သင့်တော်သူတွေလို့ ယုံကြည်နေပါတယ်။
အခုနွေရာသီ၊ မာဆေးဆိုဒ်ဆီ ပြောင်းရွှေ့ကြေးပေါင် ၁၁၆ သန်းဖြင့် ရောက်ရှိလာပြီးနောက် ဖလော်ရီယန်ဝစ်ဇ်ကို အန်ဖီးလ်မှာ အတောက်ပဆုံးစတင်နိုင်ဖို့ လီဗာပူးပရိသတ်တွေ မျှော်လင့်ခဲ့ပါတယ်။ အသက်-၂၂ နှစ်အရွယ်ကစားသမားက ကလပ်အသင်းဟောင်းလေဗာကူဆင်အတွက် အဓိကမောင်းနှင်အားဖြစ်ခဲ့သလို အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်ဘွန်ဒက်စ်လီဂါချန်ပီယံဆုရရှိတဲ့ ၂၀၂၄ ခုနှစ်မှာလည်း အတောက်ပဆုံးအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။
လူဇင်ဘော့ကို လေးဂိုးပြတ်အနိုင်ရရှိတဲ့ သောကြာညပိုင်းကမ္ဘာ့ဖလားခြေစစ်ပွဲမှာလည်း အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်မျိုးပြသခဲ့တဲ့ ဂျာမနီလက်ရွေးစင်လူငယ်ကစားသမားက အဆင်အပြေဆုံးဖြစ်ခဲ့တဲ့ ဘွန်ဒက်စ်လီဂါမှ ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့လာပြီးနောက်ပိုင်း အတော်လေးရုန်းကန်နေရပါတယ်။ ဖလော်ရီယန်ဝစ်ဇ်က အန်းစလော့ရဲ့အသင်းအတွက် ပရီးမီးယားလိဂ် ခုနစ်ပွဲပါဝင်ကစားထားရာမှာ သွင်းဂိုးပါဝင်ပတ်သက်မှု မပြုလုပ်နိုင်ခဲ့ပါဘူး။
ဒါပေမဲ့ သူက ခရစ္စတယ်ပဲလေ့စ်ကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အရေးနိမ့်ခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာတော့ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ လူဇင်ဘော့ကို အနိုင်ယူခဲ့တဲ့ပွဲစဉ်အပြီး Sport 1 နဲ့တွေ့ဆုံချိန် ဖလော်ရီယန်ဝစ်ဇ်အကြောင်း မေးမြန်းမှုကို နာဂယ်စ်မန်းက “ ဂိုးမသွင်းနိုင်သေးဘူးဆိုရင်တောင် ဖလော်ရီယန်ဝစ်ဇ်က ပရီးမီးယားလိဂ်မှာ အခွင့်အရေးဖန်တီးမှုအများဆုံးကစားသမား ဖြစ်ပါတယ်။
သူ့ရဲ့အသင်းဖော်တွေက ဒီလိုအခွင့်အရေးမျိုးတွေ သူ့အတွက် မဖန်တီးပေးနိုင်ဘူးဆိုရင် သူ့ရဲ့အပြစ် မဟုတ်တော့ပါဘူး။ ကိန်းဂဏန်းအချက်အလက်တွေဆိုတာ အမှန်တရားရဲ့သုံးပုံတစ်ပုံလောက်တောင် ကိုယ်စားမပြုပါဘူး။ သူက လိဂ်မှာ အသားကျဖို့ပဲ လိုအပ်နေတာပါ။ ဖလော်ရီယန်ဝစ်ဇ်ရဲ့ခံစားချက်တွေ လုံးဝလွတ်မြောက်နေတဲ့ပုံစံကို ကျွန်တော် မြင်တွေ့ခဲ့ပြီးပါပြီ။ ကိုယ်တိုင် ဘာလုပ်နိုင်တယ်ဆိုတာနဲ့ ဘယ်လိုလုပ်ရမယ်ဆိုတာကို သူ ကောင်းကောင်းသိပါတယ်။ အရာရာတိုင်းက စိတ်တိုင်းကျမဖြစ်နေဘူးဆိုရင်တောင် သူလည်း အခုတော့ အပြင်းအထန်ကြိုးစားနေပါပြီ”လို့ တုံ့ပြန်ခဲ့ပါတယ်။
အမှန်တကယ်လည်း ဖလော်ရီယန်ဝစ်ဇ်က အခုရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းယူနိုင်မယ့်အခွင့်အရေး ၁၁ ကြိမ် ဖန်တီးထားခဲ့ပြီး အင်္ဂလန်ထိပ်တန်းလိဂ်ရဲ့ပူးတွဲအဆင့်-၁၅ နေရာမှာ ရှိနေပါတယ်။ သူက ခရစ္စတယ်ပဲလေ့စ်ကွင်းလယ်ကစားသမားဝါတန်နဲ့ နယူးကာဆယ်ညာနောက်ခံလူထရစ်ပီယာတို့လိုပဲ စွမ်းဆောင်ပြထားပါတယ်။
လီဗာပူးနောက်ခံလူဟောင်းနဲ့ Sky Sports အစီအစဉ်တင်ဆက်သူ ကာရေဂါကတော့ ဖလော်ရီယန်ဝစ်ဇ်ကို အသင်းလူစာရင်းမှ ခေတ္တထုတ်ပယ်ထားဖို့ အန်းစလော့ဆီ မကြာသေးမီကပဲ တောင်းဆိုခဲ့သလို ဂျာမန်ကြယ်ပွင့်ကိုယ်တိုင်လည်း ကြိုးကြာနီတွေရဲ့လိဂ်နောက်ဆုံးသုံးပွဲအနက် နှစ်ပွဲမှာ အရန်ခုံတန်းပေါ် ရှိနေခဲ့ပါတယ်။
ကာရေဂါက “ အခုအချိန်မှာ အသင်းက ဟန်ချက်ညီနေတယ်လို့ လုံးဝမမြင်မိဘဲ အဓိကထောက်ပြရမယ်ဆိုရင် ဖလော်ရီယန်ဝစ်ဇ်ပဲ ဖြစ်နေပါလိမ့်မယ်။ သူက အသင်းရဲ့ဘယ်တိုက်ပွဲမှာမှ မပါဝင်ခဲ့ပါဘူး။ သူက လိဂ်အသစ်တစ်ခုဆီရောက်ရှိလာတဲ့ လူငယ်လေးတစ်ဦးသာ ဖြစ်ပြီး လီဗာပူးကစားသမားဖြစ်လာဖို့လည်း အချိန်တွေ အများကြီးရှိနေပါသေးတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ သူ့ကို အသင်းမှထုတ်ပယ်ထားဖို့ မဖြစ်မနေလိုအပ်နေပြီလို့ ထင်ပါတယ်။ လီဗာပူးကိုယ်တိုင်လည်း ပြီးခဲ့တဲ့ဘောလုံးရာသီပုံစံမျိုးဆီပြန်သွားကာ ယုံကြည်မှုနဲ့ ခံစစ်ပိုင်းတည်ငြိမ်မှုကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားသွားရပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ အခုအချိန်မှာ အရှုပ်ထွေးဆုံးကာလတစ်ခုဆီ ရောက်ရှိနေလို့ပဲ ဖြစ်ပါတယ်။ ဒါက ရှုံးနိမ့်မှုတွေ၊ အရှုံးပေးရမှုတွေ မဟုတ်ပါဘူး။ အခုဘောလုံးရာသီစတင်ချိန်ကတည်းက ဒီလိုပုံစံမျိုးတွေ ဖြစ်နေခဲ့တာပါ”လို့ ပြောပါတယ်။ ပြိုင်ပွဲစုံနောက်ဆုံးသုံးပွဲဆက်ရှုံးနိမ့်ထားတဲ့ လီဗာပူးက အခုနိုင်ငံတကာသီတင်းပတ်အပြီး၊ အန်ဖီးလ်ကွင်းမှာ ခါးသီးပြိုင်ဘက်မန်ချက်စတာယူနိုက်တက်ကို ဧည့်ခံကစားရပါမယ်။