
ဖီနာဘာချီက သူ့အဆင့်နဲ့ကိုက်ညီတဲ့ အသင်းမဟုတ်ဘူးလို့ ပြောကြားလိုက်တဲ့ မော်ရင်ဟို
ပေါ်တူဂီလူမျိုးနည်းပြ ဟိုဆေးမော်ရင်ဟိုက သူ့အနေနဲ့ တူရကီကလပ် ဖီနာဘာချီကို ကိုင်တွယ်ဖို့လက်ခံခဲ့ခြင်းက အမှားတစ်ခုဖြစ်ကြောင်းနဲ့ ဖီနာဘာချီဟာ သူ့လို ထိပ်သီးအသင်းတွေနဲ့ လက်တွဲခဲ့တဲ့ နည်းပြတစ်ယောက်အတွက် ကိုက်ညီတဲ့အသင်းမဟုတ်ဘူးလို့ ပြောကြားလာခဲ့ပါတယ်။
မော်ရင်ဟိုဟာ ဖီနာဘာချီကို ၁ နှစ်ကြာကိုင်တွယ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့လမှာပဲ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ ချဲလ်ဆီးနည်းပြဟောင်းဟာ ယခုအခါမှာတော့ မွေးရပ်မြေပေါ်တူဂီသို့ ပြောင်းရွှေ့အခြေချနေပြီး ပေါ်တူဂီထိပ်သီးကလပ် ဘင်ဖီကာကိုကိုင်တွယ်သွားတော့မှာဖြစ်ပါတယ်။
မော်ရင်ဟိုက "ကျွန်တော့်ရဲ့နည်းပြဘဝက ထိပ်တန်းအဆင့်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် နိုင်ငံအနှံ့အပြားက ကမ္ဘာ့အကြီးဆုံးကလပ်တွေကို ကိုင်တွယ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် အမှားလုပ်ခဲ့မိပါတယ်။ ဖီနာဘာချီကိုသွားတာ ကျွန်တော်မှားပါတယ်။ ဒါပေမယ့် ကျွန်တော်နောင်တမရပါဘူး။ ဘဝမှာ အမှန်တွေရှိသလို၊ အမှားတွေလည်းရှိမှပဲ ကျွန်တော်တို့ နောက်ထပ်မမှားအောင်ဆင်ခြင်နိုင်မှာပါ"
"ဖီနာဘာချီက ကျွန်တော်နဲ့အဆင့်မတူပါဘူး။ ကျွန်တော့်ရဲ့ဘောလုံးအတွေးအခေါ်အဆင့်အတန်းကို အဲဒီအသင်းမှာ အသုံးချလို့မရပါဘူး။ ဒါပေမယ့် ကျွန်တော် နောက်ဆုံးအချိန်အထိ အရာအားလုံးပေးဆပ်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဖီနာဘာချီကနေ ထွက်ခွာခဲ့ရတာတော့ ဝမ်းနည်းစရာပါ။ အခုတော့ ဘင်ဖီကာကို ဦးဆောင်ဖို့စဉ်းစားထားပါတယ်။ ဘင်ဖီကာက ကမ္ဘာ့အကြီးဆုံးကလပ်တွေထဲမှာပါဝင်ပါတယ်။ ကျွန်တော့်အဆင့်က ဒီလိုအသင်းတွေကို ကိုင်တွယ်ဖို့ပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပေါ်တူဂီသားနည်းပြက "ဖီနာဘာချီမှာ အရာအားလုံးက လွယ်ကူပါတယ်။ ကျွန်တော် ကစားသမား ၄ ယောက်လိုချင်တယ်လို့ပြောတော့ ကျွန်တော့်ကိုရာထူးကထုတ်ပြီး ကစားသမား ၅ ယောက်ဝယ်လိုက်ပါတယ်။ ကျွန်တော်တို့မှာ ဗဟိုခံစစ်မှူး ၇ ယောက်အထိရှိခဲ့ပြီး တောင်ပံကစားသမားတော့ ၁ ယောက်ပဲရှိခဲ့ပါတယ်။ ကျွန်တော် ဗဟိုခံစစ် ၄ ယောက်နဲ့ ကစားဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ရနိုင်သလောက်နဲ့ပဲ ကျွန်တော်အဆင်ပြေအောင်လုပ်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
မော်ရင်ဟိုဟာ သူ့ရဲ့နည်းပြဘဝကို ဘင်ဖီကာမှာ စတင်ခဲ့သူဖြစ်ပြီး ၂၀၀၀ ခုနှစ်မှာ ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ လာမယ့်စနေနေ့မှာတော့ ဘင်ဖီကာဟာ AVS ကိုအဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး မော်ရင်ဟိုအနေနဲ့ အဆိုပါပွဲစဉ်မှာ သူ့ကိုယ်သူ ထိပ်တန်းနည်းပြတစ်ဦးအဖြစ် ဆက်လက်သက်သေပြသွားနိုင်မလား စောင့်ကြည့်ရပါမယ်။