
ဩဂုတ်လမှာ နူးကမ့်ကို ပြန်လည်အသုံးပြုဖို့ရည်ရွယ်ထားတဲ့ ဘာစီလိုနာ
ဘာစီလိုနာဟာ အသင်းရဲ့အိမ်ကွင်းဖြစ်တဲ့ နူးကမ့်ကို ပြုပြင်မွမ်းမံမှုတွေပြုလုပ်နေခဲ့တာ ၂ နှစ်တိတိပြည့်ခဲ့ပြီဖြစ်ပြီး ယခုအခါမှာတော့ လာမယ့်ရာသီအစမှာပဲ ကွင်းကိုပြန်လည်အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။
ယခင်က ဘာစီလိုနာဟာ နူးကမ့်ကို ၂၀၂၄ ခုနှစ်နှောင်းပိုင်းမှာ ပြန်လည်အသုံးပြုနိုင်မယ်လို့မျှော်လင့်ထားခဲ့ပေမယ့် နှောင့်နှေးကြန့်ကြာမှုတွေရှိခဲ့လို့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှ မေလအထိ အချိန်သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာတော့ ဘာစီလိုနာဟာ အသင်းရဲ့အိမ်ကွင်းပွဲစဉ်တွေကို အက်စတာဒီအိုလင်မ်ပစ်လူးဝစ်ကုမ္ပဏီပိုင် အားကစားကွင်းမှာ သွားရောက်ကစားခဲ့ရတာဖြစ်ပါတယ်။
သို့သော်လည်း သတင်းတွေအရ ဘာစီလိုနာဟာ နူးကမ့်ကို စက်တင်ဘာလမှသာ သေချာပေါက်အသုံးပြုရနိုင်တယ်လို့ သိရပြီး ရာသီအစပွဲစဉ်အချို့ကို အဝေးကွင်းတွေမှာပဲ သွားရောက်ကစားဖို့ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။ ဘာစီလိုနာအနေနဲ့ ဩဂုတ်လမှာလည်း ကွင်းကိုပြန်လည်အသုံးပြုရနိုင်ချေရှိနေသေးတာကြောင့် ဂျိုအန်ဂမ်ပါဖလားပြိုင်ပွဲကို နူးကမ့်မှာကစားနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ စပိန်သတင်းဌာနက ကတ်တလန်ယာရေဒီယိုက ဆိုပါတယ်။
အဆိုပါ ဂျိုအန်ဂမ်ပါဆုဖလားပြိုင်ပွဲမှာ ဘာစီလိုနာဟာ အီတလီစီးရီးအေကလပ် ကိုမိုနဲ့ကစားသွားဖွယ်ရှိနေပြီး ကစားရမယ့်ရက်ကိုတော့ ဩဂုတ်လ ၁၀ ရက်နေ့အဖြစ်သတ်မှတ်ထားပါတယ်။ ဒါကြောင့် ဘာစီလိုနာအနေနဲ့ အဆိုပါပွဲစဉ်မတိုင်မီ နူးကမ့်ကိုအမြန်ဆုံးပြန်လည်အသုံးပြုနိုင်ဖို့ ပြင်ဆင်မွမ်းမံမှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဘာစီလိုနာအနေနဲ့ နူးကမ့်ကို ပြုပြင်မှုတွေပြီးဆုံးခဲ့ပါက မြို့ကောင်စီက စစ်ဆေးမှုတွေပြုလုပ်ရဦးမှာဖြစ်လို့ အဆိုပါစစ်ဆေးမှုကာလအတွက် ရက်သတ္တပတ် ၂ ပတ်ခန့် အချိန်ပေးသွားရဦးမယ်လို့သိရပါတယ်။
ဒါ့အပြင် UCO ရဲ့ခွင့်ပြုချက်ကိုရရှိဖို့လည်း လိုအပ်နေသေးတာကြောင့်ဘာစီလိုနာအနေနဲ့ ကွင်းကို ဩဂုတ်လ ၁၀ ရက်အမီအသုံးပြုလိုပါက ဇူလိုင်လအတွင်းမှာပဲ ပြင်ဆင်မှုတွေကို အပြီးသတ်လုပ်ဆောင်သွားနိုင်ဖို့ လိုအပ်နေပါတယ်။