The network connection is lost.

Banner Image

ရီးရဲလ်ကိုအနိုင်ရပြီးနောက် အောင်ပွဲခံခဲ့တဲ့အတွက် ရီးရဲလ်ပရိသတ်တွေကို တောင်းပန်လိုက်တဲ့ အစ္စကို

စနေနေ့က ရီးရဲလ်အသင်းကိုအနိုင်ရပြီးနောက် အောင်ပွဲခံခဲ့တဲ့အတွက် ရီးရဲလ်ပရိသတ်တွေကို အစ္စကိုက တောင်းပန်လိုက်ပါတယ်။ ဘက်တစ်ဟာ ရီးရဲလ်အသင်းကိုနောက်ကနေလိုက်ကစားခဲ့တာဖြစ်ပြီး ၂-၁ နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်အတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၁၀ မိနစ်မှာ ဘရာဟင်ဒီယက်ဇ်က သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် အစ္စကိုရဲ့ဖန်တီးပေးမှုကနေ ကာဒိုဆိုက ချေပဂိုးပြန်လည်သွင်းယူပေးနိုင်ခဲ့ပြီး အနိုင်ရရှိစေမယ့်ဂိုးကို ရရှိလာတဲ့ပင်နယ်တီကနေ အစ္စကိုက အမှားအယွင်းမရှိကန်သွင်းခဲ့ပါတယ်။

ပင်နယ်တီဂိုးဝင်သွားခဲ့ပြီးနောက် အစ္စကိုက ဘက်တစ်အသင်းဖော်တွေနဲ့အတူ ပရိသတ်တွေရှေ့မှာ ဒူးထောက် အောင်ပွဲခံခဲ့ပါတယ်။ ပွဲအပြီးမှာ အစ္စကိုက အဆိုပါအောင်ပွဲခံမှုနဲ့ပတ်သက်ပြီး တောင်းပန်ခဲ့ပါတယ်။ “ကျွန်တော့်ရဲ့အောင်ပွဲခံမှုနဲ့ပတ်သက်ပြီး ရီးရဲလ်ပရိသတ်တွေကို တောင်းပန်ပါတယ်။ ကျွန်တော် ရီးရဲလ်ပရိသတ်တွေကို ချစ်သလို သူတို့ကို ကျွန်တော့်နှလုံးသားထဲမှာ အမြဲတမ်းရှိပါတယ်”လို့ အစ္စကိုက ပြောကြားခဲ့ပါတယ်။

အခုနိုင်ပွဲကြောင့် ဘက်တစ်အသင်းဟာ အဆင့် ၆ နေရာမှာ ရပ်တည်နေကာ ရီးရဲလ်အသင်းက တတိယနေရာမှာ ဘာစီလိုနာနဲ့အမှတ်တူ ထိပ်ဆုံးနေရာက တီကိုနဲ့ ၂ မှတ်ကွာဟနေပါတယ်။ ချန်ပီယံဆုနဲ့ပတ်သက်ပြီး အန်ဆယ်လော့တီက “မှန်ပါတယ်။ အခုရှုံးပွဲက ခက်ခဲပါတယ်။ ကျွန်တော်တို့ ပြန်လည်တုံ့ပြန်ရပါမယ်။ ဒီအဆင့်မှာ အရေးနိမ့်တာက အရမ်းဈေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အသင်းအားလုံးက ပြိုင်နေကြတာပါ။

ကျွန်တော်တို့ ဒီပွဲမှာ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။ အစကောင်းခဲ့ပေမယ့် ကျွန်တော်တို့ ကနဦးစွမ်းဆောင်ရည်ကို မထိန်းနိုင်ခဲ့ပါဘူး။ နိုင်ပွဲနဲ့ထိုက်တန်တဲ့အသင်းမျိုးနဲ့ရင်ဆိုင်ရမှာ အရေးနိမ့်ခဲ့ပါတယ်။ ဘက်တစ်က နိုင်ပွဲနဲ့ထိုက်တန်ပါတယ်”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။

ရီးရဲလ်အသင်းဟာ လာမယ့်ကြားရက်မှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပထမအကျော့ပွဲအဖြစ် မြို့ခံပြိုင်ဘက် တီကိုအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ “ဒီလိုမျိုးစွမ်းဆောင်ရည်နဲ့ကစားမယ်ဆိုရင် အင်္ဂါနေ့မှာ အနိုင်မရနိုင်ဘူးဆိုတာ ရှင်းလင်းနေပါတယ်။ ဒီရှုံးပွဲကနေ နိုးထဖို့ လိုအပ်ပါတယ်။ ကျွန်တော် စုစုစည်းစည်းနဲ့ ပြန်လည်တုံ့ပြန်ရပါမယ်”လို့ အန်ဆယ်လော့တီက ထပ်လောင်းပြောကြားခဲ့ပါတယ်။