နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ယူခဲ့တဲ့ပွဲစဉ်နဲ့ပတ်သက်လို့ တုံ့ပြန်မှတ်ချက်ပေးလာတဲ့ အီရာယိုလာ
ဘုန်းမောက်နည်းပြအီရာယိုလာက နော်တင်ဟမ်ဖောရက်စ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိမှုအတွက် ကျေနပ်နေခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း အိမ်ရှင်တွေအတွက် အဖိုးတန်အနိုင်ဂိုးတွေကို တာဗာနီးယားနဲ့ ခရူပီတို့က သွင်းယူပေးခဲ့ပါတယ်။ အီရာယိုလာရဲ့အသင်းက ပြီးခဲ့တဲ့သီတင်းပတ်ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်ကို ဦးဆောင်ဂိုးတွေ အကြိမ်ကြိမ်သွင်းယူပြီးမှ ချေပဂိုးတွေနဲ့အတူ ၃-၃ ဂိုးဆိုတဲ့ ရလဒ်ဖြင့် တစ်မှတ်ခွဲဝေပေးခဲ့ရပါတယ်။ ဒါကြောင့် ဘုန်းမောက်က အမှတ်ပေးဇယားထိပ်ဆုံးနေရာတက်လှမ်းခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။
နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်အပြီး Daily Echo နဲ့တွေ့ဆုံချိန် အီရာယိုလာက “ လွန်ခဲ့တဲ့သီတင်းပတ်အတွင်း ရရှိခဲ့တဲ့ အတွေ့အကြုံကို ကျွန်တော်တို့ အကောင်းဆုံးအသုံးချနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ နှစ်ဂိုးပြတ်ဦးဆောင်ထားချိန်အထိ အကောင်းဆုံးကစားနေပြီး ဒီနောက်ပိုင်းမှာ စိတ်အားထက်သန်မှုနဲ့ အာရုံစူးစိုက်မှုတွေ မတူညီတော့ပါဘူး။ ပရီးမီးယားလိဂ်မှာ ငါးမိနစ်၊ ၁၀ မိနစ်လောက် ဒါမျိုးဖြစ်သွားပြီဆိုရင်ပဲ ၂-၂ ဆိုတဲ့ ရလဒ် ထွက်ပေါ်လာနိုင်ပါတယ်။ ဒါမျိုး ထပ်မဖြစ်ချင်တော့ဘူးလို့ ထင်ပါတယ်။ ပထမပိုင်းမှာဆိုရင်လည်း အချင်းချင်း အသံပြုသတိပေးခဲ့ပါတယ်။ အဲ့ဒီအတွေ့အကြုံကို ကောင်းကောင်းအသုံးချနိုင်ခဲ့တယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး အီရာယိုလာက “ (နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ယူမှုနဲ့ပတ်သက်လို့) မတူညီတဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်းပါ။ ပထမပိုင်းပွဲချိန်တွေမှာဆိုရင် ကျွန်တော်တို့တွေ အကောင်းဆုံးကစားနိုင်ခဲ့ပြီး ကိုယ့်ရည်မှန်းချက်အတိုင်း နှစ်ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းကတော့ သိပ်မကောင်းလှပါဘူး။ ပွဲချိန်အတွင်းမှာ ကြီးကြီးမားမားဘာမှသိပ်မဖြစ်ခဲ့ပေမဲ့ အဲ့ဒါတွေက ကျွန်တော်တို့အတွက် ကောင်းမွန်စေတယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။ လက်ရှိမှာ ဘုန်းမောက်က အမှတ်ပေးဇယားထိပ်ဆုံးနေရာရှိ အာဆင်နယ်နဲ့ လေးမှတ်အကွာ၊ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။