
စီးရီးအေနဲ့ ချန်ပီယံလိဂ်အကြား ကစားသမားတွေကို ပွဲမပန်းစေလိုကြောင်း ပြောကြားလာတဲ့ အင်ဇာဂီ
အင်တာမီလန်နည်းပြ ဆီမွန်အင်ဇာဂီက အသင်းဟာ စီးရီးအေနဲ့ ချန်ပီယံလိဂ်ဆုဖလားမျှော်လင့်ချက်တွေအကြား ကစားသမားတွေကို အားအင်မကုန်ခမ်းစေဖို့ ဂရုတစိုက်ကိုင်တွယ်ဖို့ လိုအပ်နေကြောင်း ပြောကြားလာခဲ့ပါတယ်။တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အင်တာမီလန်ဟာ အသင်းခေါင်းဆောင် လော်တာရိုမာတီနက်ဇ်၊ ဂိုးသမား ယန်းဆွန်မားနဲ့ ကွင်းလယ်လူ ဖရက်တက်ဆီတို့လို အဓိက ကစားသမားတွေကို အသုံးပြုခဲ့ခြင်းမရှိပေမယ့် တိုရီနိုကို ၀-၂ နဲ့အနိုင်ရရှိအောင်ကစားခဲ့ပါတယ်။
ပွဲအပြီးမှာတော့ နည်းပြအင်ဇာဂီက အသင်းရဲ့ အဓိက ကစားသမားတွေကို အနားပေးခဲ့ခြင်းမှာ ချန်ပီယံလိဂ်မှာသာမက စီးရီးအေမှာပါ တိုက်ပွဲဝင်နေရတဲ့အတွက်ဖြစ်တယ်လို့ ရှင်းပြလာခဲ့ပါတယ်။ ပွဲအပြီးမှာ အင်ဇာဂီက "ခက်ခဲကြမ်းတမ်းတဲ့ ရာသီတစ်ခုမှာ ကျွန်တော်တို့အနေနဲ့ ကစားသမားတွေကို လုံလောက်တဲ့ အနားယူမှုပေးနိုင်ဖို့လိုပါတယ်။ ဒီနေ့မှာ မပါဝင်ခဲ့တဲ့ကစားသမားတွေက လာမယ့်လာဇီယိုနဲ့ပွဲမှာလည်း ပါဝင်ဖို့ မသေချာသေးပါဘူး။ ဒါပေမယ့် ကိုမိုနဲ့ကစားသွားရမယ့် နောက်ဆုံးပွဲမှာတော့ ကျွန်တော်တို့ စောင့်ကြည့်သွားရမှာပါ"
"ကျွန်တော်တို့အသင်းမှာ လူစာရင်းအလုံအလောက်မရှိဘူးလို့ ပြောကြပါတယ်။ ဒါပေမယ့် အသင်းက ပီအက်စ်ဂျီ၊ မန်ချက်စတာစီးတီး၊ ဘိုင်ယန်မြူးနစ်တို့လို ဘဏ္ဍာရေးအင်အားတောင့်တင်းတဲ့ အခြေအနေမဟုတ်ပါဘူး။ ဒါကြောင့် ရှိသလောက်လူစာရင်းနဲ့ သေချာတည်ဆောက်နေရပါတယ်။ ဒါပေမယ့် အသင်းရဲ့စိတ်ဓာတ်ပိုင်းက ကြံ့ခိုင်တာကြောင့် ဘယ်အသင်းနဲ့မဆို ယှဉ်ပြိုင်ဖို့ အဆင်သင့်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။
အင်တာမီလန်ရဲ့အနီးကပ်ဆုံး စီးရီးအေပြိုင်ဘက်ဖြစ်တဲ့ နာပိုလီကတော့ ဂျီနိုအာကို ၂-၂ နဲ့သရေကျခဲ့တာကြောင့် နှစ်သင်းအကြား ရမှတ်တစ်မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။ ဆက်လက်ပြီး အင်ဇာဂီက "ကျွန်တော်တို့က ဇယားရဲ့ ဒုတိယနေရာမှာရပ်တည်နေတာဆိုတော့ စီးရီးအေချန်ပီယံဖြစ်ဖို့ အခွင့်အရေးက ကျွန်တော်တို့လက်ထဲမှာမရှိပါဘူး။ ဒါပေမယ့် ဒီည ကစားခဲ့တဲ့ပုံစံအတိုင်း ပွဲစဉ်တိုင်းမှာ အာရုံစိုက်ကစားသွားဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ အသင်းအတွက် ဦးဆောင်ဂိုး စောစောစီးစီးသွင်းယူပေးခဲ့တဲ့ တောင်ပံကစားသမား နီကိုလာဇာလူစကီးကိုလည်း အင်ဇာဂီက ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။အသက်-၄၉ နှစ်အရွယ်နည်းပြက "သူဒီနေ့မှာ အရမ်းကောင်းခဲ့ပါတယ်။ အရည်အသွေးမြင့်ကစားသမားတစ်ယောက်ပါ။ ဒီပွဲမှာသူက ကွင်းလယ်တစ်ဝက်၊ တောင်ပံတစ်ဝက်ကစားခဲ့ပါတယ်။ ပြီးတော့ သူက နောက်ခံလူတစ်ယောက်အနေနဲ့လည်း ကစားနိုင်တဲ့ ကစားသမားတစ်ယောက်ပါ" လို့ချီးကျူးခဲ့ပါတယ်။