The network connection is lost.

Banner Image

မန်စီးတီးမှာ ပျော်ရွှင်နေပြီဖြစ်ကြောင်း ပြောကြားလာတဲ့ ဆီမီညို

ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလ အစောပိုင်းမှာ ဘုန်းမောက်မှ မန်စီးတီးသို့ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်ကြယ်ပွင့် အန်တိုနီဆီမီညိုက သူဟာ အသင်းသစ်မှာ ပျော်ရွှင်နေပြီဖြစ်ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလားဆီမီးဖိုင်နယ် ပွဲစဉ်မှာ နယူးကာဆယ်ဘက်ကို အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ ဆီမီညိုဟာ မန်စီးတီးအတွက် ၂ ပွဲကစားပြီးချိန်မှာ ၂ ဂိုးအထိသွင်းယူထားနိုင်ပြီလည်းဖြစ်ပါတယ်။ 

ဆီမီညိုအနေနဲ့ ယခုပွဲစဉ်မှာ ၂ ဂိုးအထိသွင်းယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် အသင်းဖော် အာလင်းဟာလန်း လူကျွံနေတာကြောင့် ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်အရ တစ်ဂိုး ပယ်ဖျယ်ခံခဲ့ရပါတယ်။ သို့သော်လည်း မန်စီးတီးအတွက် အနိုင်သေချာစေမယ့်ဂိုးကို ရာယန်ချာကီက ထပ်မံသွင်းယူခဲ့တာကြောင့် မန်စီးတီးအနေနဲ့ ကာရာဘောင်ဖလားဗိုလ်လုပွဲသို့တက်ရောက်နိုင်ဖို့ ခြေလှမ်းတစ်လှမ်း တက်လှမ်းနိုင်ခဲ့ပြီလို့ဆိုရမှာဖြစ်ပါတယ်။ 

မန်စီးတီးအတွက် ၂ ပွဲကစားပြီးချိန်မှာ ၂ ဂိုးသွင်းပြီး ခြေစွမ်းပြနေတဲ့ ဆီမီညိုက "ဒီက ပတ်ဝန်းကျင်တစ်ခုလုံးက တကယ့်ကို ပြည့်စုံလွန်းပါတယ်။ အားလုံးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိကြပြီး အကောင်းဆုံး အောင်မြင်မှုတွေရဖို့ ကြိုးစားနေကြတာပါ။ ကျွန်တော် ဒီကိုရောက်လာတဲ့အခါ သူတို့က ကျွန်တော့်ကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြသလို ယုံကြည်မှုရှိလာအောင်လည်း ကူညီပေးခဲ့ကြပါတယ်"

"ဒါက ကျွန်တော့်အတွက်တော့ ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုပါ။ ဒါပေမယ့် ကျွန်တော်ဒီမှာအရာအားလုံးကိုသင်ယူနေပြီး ပျော်ရွှင်နေပါတယ်။ ဘုန်းမောက်မှာရရှိခဲ့တဲ့ ယုံကြည်မှု ကို ဒီအထိ သယ်လာနိုင်ခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော် မျက်နှာမှာအပြုံးတွေနဲ့ကစားနေပြီး မိနစ်တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။

နယူးကာဆယ်ကိုရင်ဆိုင်ရတာ အလွန်ခက်ခဲကြောင်းကိုလည်း ဆီမီညိုက "ဒီနေ့ပွဲက တကယ်ခက်ခဲပါတယ်။ ကျွန်တော်တို့ကတော့ အခွင့်အရေးရလာမယ်ဆိုတာကို သိတဲ့အတွက် စိတ်ရှည်လက်ရှည်နဲ့ တောင့်ခံထားခဲ့တာပါ။ ကျွန်တော် မှန်ကန်တဲ့ နေရာမှာ ရှိနေခဲ့လို့ ဒီဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အသင်းနိုင်ခဲ့တဲ့အတွက်လည်း တကယ်ဝမ်းသာပါတယ်" လို့ပြောကြားခဲ့ပါတယ်။