
အိုးထရက်ဖို့ဒ်ပွဲစဉ်အတွက် အာမိုရင်အသင်းမှာ ပြင်ဆင်ချိန် ခုနစ်ရက်တိတိရှိခဲ့တယ်လို့ လှောင်ပြောင်ခဲ့တဲ့ မာရက်စ်ကာ
အန်ဇိုမာရက်စ်ကာက အခုဘောလုံးရာသီ၊ ဥရောပအဆင့်ပြိုင်ပွဲတွေနဲ့ ဝေးကွာနေတဲ့ ရူဘင်အာမိုရင်ရဲ့အသင်းမှာ သီတင်းပတ်ကုန်၊ အိုးထရက်ဖို့ဒ်ပွဲစဉ်အတွက် ပြင်ဆင်ချိန် ခုနစ်ရက်တိတိ ရှိခဲ့တယ်လို့ ညည်းတွားရင်း မန်ချက်စတာယူနိုက်တက်ကို လှောင်ပြောင်ခဲ့ပါတယ်။ အီတာလျံသားက သတင်းစာရှင်းလင်းပွဲမှာ အားလပ်ချိန်တွေထက် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ပရမ်းပတာနိုင်မှုတွေကို ပိုမိုနှစ်သက်မိတယ်လို့လည်း အခိုင်အမာပြောဆိုခဲ့ပါတယ်။
ချဲလ်ဆီးက ပြီးခဲ့တဲ့ဘောလုံးရာသီကို ယူရိုပါကွန်ဖရန့်လိဂ်ချန်ပီယံဆု၊ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ပါ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုလိုအောင်မြင်မှုတွေအတွက် တန်ဖိုးတစုံတရာ ပေးဆပ်ထားခဲ့ပြီးပါပြီ။ အပြာရောင်ခြင်္သေ့တွေရဲ့ဘောလုံးရာသီသစ်စတင်မှုက ခံစားချက်တွေ ရောထွေးစေပါတယ်။ သူတို့တွေက ပြိုင်ပွဲစုံ နှစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးထားပြီး ရာသီသစ်စတင်မှုမှာ အနည်းငယ်ယိမ်းယိုင်သွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ပိုင်ဆိုင်ခဲ့တဲ့ အားလပ်ရက်တွေနဲ့ပတ်သက်လို့ မေးမြန်းလာချိန် အန်ဇိုမာရက်စကာက တုံ့ပြန်ဖို့ ဝန်မလေးခဲ့ပါဘူး။
“ကျွန်တော်က ချန်ပီယံလိဂ်ပွဲစဉ်တွေကစားရတာကို ပိုပြီးသဘောတွေ့မယ်ဆိုတာ သံသယမဖြစ်လိုက်ပါနဲ့။ ဒါပေမဲ့ တချိန်တည်းမှာပဲ ပြိုင်ဘက်အတွက် ပြင်ဆင်ဖို့ ခုနစ်ရက်တိတိ ရှိခဲ့တယ်ဆိုတာ ရှင်းပါတယ်။ ပြီးတော့ ကျွန်တော်တို့က လွန်ခဲ့တဲ့နှစ်ရက်လောက်ကပဲ တစ်ပွဲကစားခဲ့ပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ကစားရတာကို ကျွန်တော်သဘောကျပါတယ်လို့ ထပ်လောင်းပြောပါရစေ”လို့ သူက ဆိုပါတယ်။
ချဲလ်ဆီးရဲ့နောက်ဆုံးနှစ်ပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုကြောင့် ဖိအားတွေ မြင့်တက်လာသလားဆိုတဲ့မေးခွန်းကို မာရက်စ်ကာက “ လုံးဝမဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ ပွဲစဉ်တိုင်းကို အနိုင်ရရှိချင်လို့ ကျွန်တော့်မှာ ဖိအားတွေ ရှိပါတယ်။ ဒါပေမဲ့ ဘရန့်ဖို့ဒ်ကိုသရေ၊ ဘိုင်ယန်မြူးနစ်ကို အဝေးကွင်းမှာရှုံးနိမ့်ခဲ့လို့ ဖိအားတွေ မများလာခဲ့ပါဘူး။ အခုပွဲစဉ်အတွက်ပဲ ကျွန်တော့်ကို ဖိအားတွေတိုးပွားစေပါတယ်။ ပွဲစဉ်တိုင်းကို အနိုင်ရရှိချင်လို့ ကျွန်တော့်မှာ ဖိအားတွေ အမြဲတမ်းရှိပါတယ်။ နောက်ပြီးတော့ ဘိုင်ယန်မြူးနစ်နဲ့ အဝေးကွင်းပွဲစဉ်ဖြစ်ဖြစ်၊ ပီအက်စ်ဂျီနဲ့ အဝေးကွင်းပွဲစဉ်ဖြစ်ဖြစ်၊ ဘာစီလိုနာနဲ့ အဝေးကွင်းပွဲစဉ်ဖြစ်ဖြစ် ပထမဆုံးရင်ဆိုင်ကစားရတာ အဆိုးဆုံးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့က အဲ့ဒီအခြေအနေကို ထိပ်တိုက်ရင်ဆိုင်ခဲ့ပါတယ်။ ပြီးရင် ကျွန်တော်တို့တွေ နောက်တစ်ကြိမ် တွေ့ဆုံရပါဦးမယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
အခုသီတင်းပတ်ကုန်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်နည်းပြအာမိုရင်အတွက် အိုးထရက်ဖို့ဒ်ဦးဆောင်သူ ဖြစ်ဖို့ ထိုက်တန်မှုရှိ၊မရှိ သက်သေပြနိုင်မယ့် အခွင့်အလမ်းတစ်ရပ်လည်း ရှိနေပါတယ်။