
ရိုဒရီဂိုကို ဘရာဇီးအသင်းမှ ထုတ်ပယ်ခဲ့ခြင်းနဲ့ပတ်သက်ပြီး ရှင်းပြလာတဲ့ အန်ဆယ်လော့တီ
ဘရာဇီးနည်းပြ ကာလိုအန်ဆယ်လော့တီဟာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ကစားသမား ရိုဒရီဂိုကို ယခုတစ်ခေါက် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်လူစာရင်းမှ ထုတ်ပယ်ခဲ့ပြီး ယခုအခါမှာတော့ ဘာကြောင့် ထုတ်ပယ်ခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။
ဘရာဇီးဟာ စက်တင်ဘာလ တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအဖြစ် ချီလီ၊ ဘိုလီဗီးယားတို့နဲ့ ကစားသွားရမှာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့က ချီလီကို ၃-၀ နဲ့အနိုင်ရထားခဲ့ပေမယ့် နေမာနဲ့ ရိုဒရီဂိုတို့ကို လူစာရင်းမှထုတ်ပယ်ခဲ့တဲ့ နည်းပြအန်ဆယ်လော့တီကကတော့ ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။
အန်ဆယ်လော့တီအနေနဲ့ နေမာကို ရွေးချယ်ခဲ့ခြင်းမရှိတာက နည်းစနစ်အရဆုံးဖြတ်ချက်သာဖြစ်ကြောင်း ရှင်းပြထားပေမယ့် ရိုဒရီဂိုကို ချန်လှပ်ခဲ့တာကတော့ ပရိသတ်တွေအတွက် ဝေဖန်စရာဖြစ်လာခဲ့ပါတယ်။ အီတလီသားနည်းပြဟာ ရီးရဲလ်မက်ဒရစ်ကိုကိုင်တွယ်စဉ်က ရိုဒရီဂိုနဲ့ ၄ နှစ်လောက်အထိ လက်တွဲခဲ့ဖူးတာကြောင့် အခုလို ချန်လှပ်ခဲ့ခြင်းက ထူးဆန်းတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။
သို့သော်လည်း အန်ဆယ်လော့တီက "ကျွန်တော်တို့အရင်က အတူတူလက်တွဲဖူးလို့ သူ့အကြောင်းကို ကောင်းကောင်းသိထားပြီးသားပါ။ ဒါပေမယ့် ကျွန်တော်တို့အခု ကစားသမား ၇၀ လောက်အထိ စောင့်ကြည့်တွက်ချက်နေပြီး ကမ္ဘာ့ဖလားအတွက် အကောင်းဆုံးလူစာရင်းကို ရွေးချယ်သွားဖို့ကြိုးစားနေပါတယ်။ အသင်းမှာ ဘယ်ကစားသမားကိုမှ မျက်နှာသာပေးသွားမှာမဟုတ်ဘဲ ကမ္ဘာ့ဖလားပြိုင်ပွဲသွားခွင့်ရမယ့်လူစာရင်းကို ကွင်းထဲကခြေစွမ်းအတိုင်း ရွေးချယ်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အန်ဆယ်လော့တီက ရိုဒရီဂိုကိုအနားပေးဖို့အတွက် ချန်လှပ်ခဲ့တာဖြစ်ကြောင်း ရှင်းပြထားခဲ့ပြီး ယခုအခါမှာလည်း နည်းစနစ်အရဖြစ်တယ်လို့ ထပ်လောင်းအသိပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲလ်ကြယ်ပွင့်အနေနဲ့ လာမယ့် အောက်တိုဘာလနဲ့ မတ်လ ဘရာဇီးအသင်းရဲ့ခြေစမ်းပွဲစဉ်တွေမှာတော့ အသင်းရဲ့လူစာရင်းမှာပြန်လည်ရွေးချယ်ခံရဖို့ အလားအလာရှိနေဆဲဖြစ်ပါတယ်။
ဘိုလီဗီးယားနဲ့ပွဲစဉ်မှာလည်း လူစာရင်းအပြောင်းအလဲပြုလုပ်သွားမယ့်အကြောင်းကို အန်ဆယ်လော့တီက "ကျွန်တော် လူစာရင်းအပြောင်းအလဲလုပ်သွားမှာပါ။ နည်းဗျူဟာထဲမှာ အံဝင်ခွင်ကျဖြစ်မယ့်ကစားသမားတွေကို ရှာဖွေသွားပါမယ်။ ကျွန်တော့်ရဲ့အတွေ့အကြုံတွေကိုအသုံးပြုပြီး ကစားသမားတွေကို သေချာစိစစ်ရွေးချယ်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အီတလီသားက "ဒီပွဲက ကျွန်တော့်အတွက် ထူးခြားတဲ့အတွေ့အကြုံတွေ့ရရှိစေမယ်လို့ ယူဆထားပါတယ်။ ကျွန်တော် ဘိုလီဗီးယားကို တစ်ခါမှမရောက်ဖူးသေးပါဘူး။ ဒါက ကျွန်တော့်အတွက် ကြီးမားတဲ့အခွင့်အရေးပါ။ ဒီပွဲမှာ အသင်းရဲ့ရည်ရွယ်ချက်ကတော့ အနိုင်ရဖို့ပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ဘိုလီဗီးယားနဲ့ယှဉ်ပြိုင်သွားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အပြီးမှာတော့ ဘရာဇီးဟာ အောက်တိုဘာလရောက်မှပဲ ဂျပန်၊ တောင်ကိုရီးယားတို့နဲ့ ခြေစမ်းပွဲစဉ်တွေ ထပ်မံ ကစားသွားရမှာဖြစ်ပါတယ်။