
ယူနိုက်တက်မှာ အခုထက်ပိုပြီးထိုက်တန်ခဲ့သင့်ကြောင်း ဗန်ဒီဘိခ် အခိုင်အမာဆို
ယူနိုက်တက်အသင်းမှာ ရုန်းကန်ခဲ့ရတဲ့ကွင်းလယ်လူ ဗန်ဒီဘိခ်က မိမိအနေနဲ့ အိုးထရက်ဖို့ဒ်မှာ အခုထက်ပိုအခွင့်အရေးရခဲ့သင့်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီတုန်းက ယူနိုက်တက်ထံကနေ ပေါင် ၅ သိန်းနဲ့ ဂီရိုနာအသင်းထံပြောင်းရွှေ့ပြီးနောက် ပုံမှန်ပွဲထွက်ခွင့်ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။
နယ်သာလန်သားဟာ ၂၀၂၀ တုန်းက အေဂျက်အသင်းထံကနေ ယူနိုက်တက်ထံ ပြောင်းရွှေ့လာခဲ့ပေမယ့် ၄ ရာသီအတွင်းမှာ ၆၂ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့ပြီး ၂ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နယ်သာလန်သားက သူ့အနေနဲ့ ယူနိုက်တက်မှာ အရာအားလုံးပေးဆပ်ခဲ့ပြီး အခုထက်ပိုထိုက်တန်ခဲ့သင့်တယ်လို့ ခံစားနေရပါတယ်။
“ကျွန်တော် အေဂျက်အသင်းနဲ့အတူ သြစတြီးယားထရိန်နင်မှာ ရှိနေခဲ့တာပါ။ လေ့ကျင့်ခန်းအစီအစဉ်အပြီးမှာ ဟော်တယ်က Spa ကိုသွားချိန်မှာ အေးဂျင့်က ဖုန်းဆက်လာပါတယ်။ သူက ယူနိုက်တက်အနေနဲ့ ကျွန်တော့်ကိုခေါ်ယူချင်နေကြောင်း ဆွေးနွေးမှုတွေလုပ်နေကြောင်းပြောခဲ့ပါတယ်။ ကျွန်တော်လည်း ဆက်လုပ်ဖို့ ပြောခဲ့ပါတယ်။ အဲ့တာက အရိုးသားဆုံးပြောတာပါ။
ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်ကိုတောင် သတိရမိပါတယ်။ ကျွန်တော့်ခန္ဓာကိုယ်မှာ ခွန်အားတွေအများကြီးရှိနေတာပါ။ ထိပ်တန်းအသင်းတစ်သင်းမှာကန်ရရင် အဲ့လိုပါပဲ။ ကျွန်တော် ပထမဆုံးပရီးမီးယားလိဂ်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီး အဲ့တာက တကယ်ကြီးမားတဲ့ခံစားချက်ပါ။ အထူးသဖြင့် ပထမဆုံးနှစ်မှာ ကျွန်တော်အခွင့်အရေးအများကြီးနဲ့ထိုက်တန်ခဲ့တယ်လို့ ထင်ပါတယ်။
ကျွန်တော် တစ်ချိန်လုံးအကောင်းဆုံးမကစားနိုင်ခဲ့ပေမယ့် ကျွန်တော်ပွဲကောင်းအချို့ရှိခဲ့ပါတယ်။ အခွင့်အရေးပိုရသင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော် ခံစားချက်ကောင်းခဲ့သလို ကျွန်တော့်အချိန်ရောက်လာမယ်လို့ တွေးပြီးသားပါ။ ဒါပေမယ့် အချို့အချို့သော အကြောင်းအရာတွေကြောင့် အဲ့တာက မဖြစ်လာခဲ့ပါဘူး။ အဲ့တာက ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော တစ်ချို့အချိန်တွေမှာ ခင်ဗျားအနေနဲ့ အခွင့်အရေးပိုရချင်ပေမယ့် အဲ့တာက ခင်ဗျားလက်ထဲမှာ အမြဲမရှိနေပါဘူး။
ဒါကဘောလုံးဖြစ်သလို နည်းပြအချို့က ခင်ဗျားကိုအခွင့်အရေးပေးနိုင်ပေမယ့် အချို့က မပေးနိုင်ပါဘူး။ ပြန်ကြည့်မယ်ဆိုရင် ကျွန်တော် အဲ့နှစ်တွေမှာ အရာအားလုံးပေးဆပ်ခဲ့ပါတယ်။ ကျွန်တော်အသင်းအတွင်းကို ဝင်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ကျွန်တော်လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော့်အရည်အချင်းကို အကောင်းဆုံးပြသနိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။
ဒါပေမယ့် အဲ့တာက အလုပ်မဖြစ်ခဲ့ပါဘူး။ ၁ နှစ် ဒါမှမဟုတ် ၂ နှစ်လောက်အပြီးမှာ အဲ့တာက ခက်ခဲလာပါတယ်။ ဘာလို့လဲဆိုတော့ ပွဲအရေအတွက်မရလာရင် ခင်ဗျားကိုယ်ခင်ဗျားသက်သေပြဖို့ ခက်ခဲလာတတ်ပါတယ်။ ပထမဆုံးရောက်လာတဲ့အချိန်ကပြီးကတည်းက ခက်ခဲလာခဲ့တာပါ။ ကျွန်တော် ပွဲဆက်တွေရဖို့ အမြဲတမ်းမျှော်လင့်ခဲ့ပေမယ့် မဖြစ်လာခဲ့ပါဘူး”လို့ ဗန်ဒီဘိခ်က ဖြေကြားခဲ့ပါတယ်။
ယူရိုပါလိဂ်ဖလားနဲ့ လွဲချော်ခဲ့ပြီးနောက် ယူနိုက်တက်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ ရာသီပိတ်နောက်ဆုံးပွဲအဖြစ် ဗီလာအသင်းနဲ့အိမ်ကွင်းမှာ ကန်ရမှာဖြစ်ပါတယ်။