The network connection is lost.

Banner Image

ဘန်လေနဲ့ ပွဲမှာ လှပတဲ့သွင်းဂိုး သွင်းယူကာ ဘောလုံးလောကကို ပြန်လည်မိတ်ဆက်သွားခဲ့တဲ့ ဟတ်ဆန်အိုဒွိုင်း

ကာလမ် ဟတ်ဆန်အိုဒွိုင်းဟာ ယမန်နေ့ညက ဘန်လေနဲ့ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်အတွက် ပွဲဦးထွက်ကစားပေးခဲ့ပြီး လှပတဲ့သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့ပါတယ်။

ပထမပိုင်းအတွင်း ဘန်လေက အမ်ဒူနီရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာကြောင့် ဖောရက်စ်တို့ နောက်ကနေ လိုက်ကစားခဲ့ရပြီး အိုဒွိုင်းရဲ့သွင်းဂိုးကြောင့် သရေကျခဲ့ပါတယ်။ ချဲလ်ဆီးတောင်ပံလူဟောင်းဟာ ဘယ်တောင်ပံကနေ ဆွဲဝင်ကာ ဂိုးသမား ထရက်ဖို့ဒ် မဖမ်းနိုင်မယ့် ထောင့်ထဲကို သွင်းယူပြသွားခဲ့တာ ဖြစ်ပါတယ်။

ဒီဂိုးဟာ အိုဒွိုင်းအတွက် ၂၀၂၁ခုနှစ် အောက်တိုဘာနောက်ပိုင်း ပရီးမီးယားလိဂ် ပထမဆုံးသွင်းဂိုးဖြစ်လာသလို ကစားသမားဘ၀သစ်ကို အကောင်းဆုံး စတင်နိုင်ခဲ့တာပါ။ အဆိုပါသွင်းဂိုးမှာ တိုက်စစ်မှူး အဝိုနီယီ လက်နဲ့ ထိခဲ့ဟန်ရှိတာကြောင့် VARက​ ပြန်လည်စစ်ဆေးခဲ့ပေမယ့် ဂိုးအဖြစ် ဆက်လက်သတ်မှတ်ပေးခဲ့ပါတယ်။

အိုဒွိုင်းဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ချဲလ်ဆီးအသင်းမှာ အလားအလာရှိတဲ့ လူငယ်တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသလို အင်္ဂလန်အသင်းမှာလည်း ၁၈နှစ်နဲ့ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းကလည်း ပေါင်၃၅သန်းနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် အပြောင်းအရွှေ့က ဖြစ်မလာခဲ့ဘဲ ယမန်နှစ်ရာသီအတွင်း လေဗာကူဆင်မှာသာ အငှားသွားကစားခဲ့ရပါတယ်။

ချဲလ်ဆီးနဲ့ အနာဂတ်မရှိတော့တဲ့ အင်္ဂလန်သားဟာ ပြီးခဲ့တဲ့နွေရာသီအတွင်း ဖောရက်စ်ထံ ကနဦး ပေါင်၃သန်း+ အပိုဆုကြေး ပေါင်၂သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။