The network connection is lost.

Banner Image

ရိုးမားကို ရှုံးနိမ့်ပြီးနောက် အသင်းမှာ လုံလောက်တဲ့ အနိုင်ရလိုစိတ်မရှိဘူးလို့ အင်ဇာဂီဝေဖန်

တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်မှာ ရိုးမားကို ၀-၁ နဲ့အရေးနိမ့်ကာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ဖယ်ပေးလိုက်ရပြီးနောက် အင်တာမီလန်နည်းပြ ဆိုင်မွန်အင်ဇာဂီက အသင်းရဲ့ကစားသမားတွေမှာ လုံလောက်တဲ့အနိုင်ရလိုစိတ်မရှိဘူးလို့ ဝေဖန်ပြောကြားလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကိုပါအီတလီယာ ဆီမီးဖိုင်နယ်မှာ အေစီမီလန်ကို ၀-၃ နဲ့အရေးနိမ့်ကာ ပြိုင်ပွဲမှာ ထွက်ခွာခဲ့ရပြီးနောက် အင်တာမီလန်ဟာ နောက်ထပ်တစ်ကြိမ် ရှုံးပွဲဆက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အင်ဇာဂီရဲ့အသင်းဟာ ပြီးခဲ့တဲ့အပတ်က စီးရီးအေပွဲစဉ်မှာလည်း ဘိုလော့ဂ်နာကို ၁-၀ နဲ့ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။ 

ပြိုင်ပွဲစုံ ၃ ပွဲဆက်အရေးနိမ့်ခဲ့တဲ့အင်တာမီလန်ဟာ ကိုပါအီတလီယာပြိုင်ပွဲကိုလက်ပြနှုတ်ဆက်ခဲ့ရသလို၊ ယခုအခါမှာလည်း တိုရီနိုကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ နာပိုလီကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကနေ ဖယ်ပေးခဲ့ရပါတယ်။ ပွဲအပြီးမှာ အင်ဇာဂီက "ဒီအပတ်အတွင်းမှာ ကျွန်တော်တို့ ၃ ပွဲဆက်တိုက်ရှုံးခဲ့ပြီး အရမ်းနာကျင်ခဲ့ရပါတယ်။ ဒါပေမယ့် ကလပ်က အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်လို့ထင်ပါတယ်။ ဒီပွဲရဲ့ပထမပိုင်းမှာ ကျွန်တော်တို့ စိတ်ဓာတ်အပြည့်နဲ့ကစားခဲ့ပြီး ပရိသတ်တွေလည်း မြင်တွေ့ခဲ့ရမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ ဒီလိုအရေးကြီးတဲ့ပွဲကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရပါတယ်။ ရှုံးပွဲကြုံတွေ့ခဲ့ပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုက ကျွန်တော်တို့အတွက် ပျော်ရွှင်စေပါတယ်။ ကျွန်တော်တို့ အခုရလဒ်ထက် ပိုပြီး ထိုက်တန်ခဲ့ပေမယ့် ဘောလုံးမှာက ဒီလိုပါပဲ" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ အင်တာမီလန်ဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် ဘာစီလိုနာနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မှာတော့ ပြန်လာနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားသွားရတော့မှာဖြစ်ပါတယ်။ အင်တာမီလန်နဲ့ထိပ်တိုက်တွေ့ဆုံသွားမယ့် ဘာစီလိုနာဟာ စနေနေ့ကမှ လက်ရှိချန်ပီယံလိဂ်ချန်ပီယံ ရီးရဲလ်မက်ဒရစ်ကိုအနိုင်ယူပြီး ကိုပါဒယ်ရေးဖလားကို ဆွတ်ခူးထားခဲ့ပါတယ်။ 

ဆက်လက်ပြီး အင်ဇာဂီက "ကျွန်တော်တို့ ၃ ပွဲဆက်ရှုံးတယ်ဆိုတာ ကြုံတောင့်ကြုံခဲပါ။ ၃ ရက်အတွင်း ကြံ့ခိုင်မှုတွေ ပြန်လည်ထိန်းသိမ်းပြီး ဘာစီလိုနာနဲ့ ရင်ဆိုင်သွားရပါမယ်။ ရီးရဲလ်မက်ဒရစ်ကိုအနိုင်ယူခဲ့တဲ့ သူတို့ရဲ့ခြေစွမ်းကို ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ သူတို့ကို လေးစားမှုနဲ့ယှဉ်ပြိုင်သွားမှာဖြစ်ပေမယ့် ကြောက်ရွံ့မှုတော့ မဖြစ်မိပါဘူး" လို့ပြောကြားခဲ့ပါတယ်။