
နော်တင်ဟမ်ကစိတ်ဝင်စားနေပေမယ့် မန်ချက်စတာမှာဆက်နေမယ့် မန်စီးတီးစတား
မန်စီးတီးနည်းပြ ဂွါဒီယိုလာက လူငယ်စတား ရီကိုလူးဝစ်တစ်ယောက် နော်တင်ဟမ်က စိတ်ဝင်စားနေပေမယ့် အသင်းမှာဆက်နေမယ်လို့ သူ့ကိုပြောကြားထားကြောင်း ဆိုလိုက်ပါတယ်။ နော်တင်ဟမ်က အသက် ၂၀ အရွယ်ကစားသမားကို လုပ်ခလစ ၂ ဆပေးချေပြီးခေါ်ယူချင်နေပေမယ့် စီးတီးဘက်က သူတို့စတားကို အသင်းမှာပဲဆက်ထိန်းထားချင်နေပါတယ်။
ဂွါဒီယိုလာက လူးဝစ်ဟာ အသင်းမှာဆက်နေချင်ကြောင်း သူ့ထံတိုက်ရိုက်ပြောကြားခဲ့တယ်လို့ ဆိုလိုက်ပေမယ့် ဘောလုံးမှာ အရာအားလုံးဟာ အလျင်အမြန်ပြောင်းလဲနေတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ စီနီယာအသင်းထံ အလျင်အမြန်ထိုးဖောက်ဝင်ရောက်လာနိုင်ခဲ့ပြီးနောက် လူးဝစ်ကို နော်တင်ဟမ်က အသည်းအသန်စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။
“သူ(လူးဝစ်)က အသင်းမှာဆက်နေမယ်လို့ ကျွန်တော်ထင်ပါတယ်။ သူကျွန်တော့်ကိုလည်းပြောထားပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောသလို မနက်ဖြန် နဲ့ နောက်နေ့မှာ အဲ့တာက ပြောင်းလဲနိုင်ပါတယ်။ ဖိုဒန် နဲ့ နီကိုတို့ဖြစ်ရပ်နဲ့ဆင်ပါတယ်။ ကျွန်တော့်မှာ ထူးခြားတဲ့စာနာမှုရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အသင်းကြီးဆီရောက်လာချိန်မှာ အသက် ၁၆ နှစ် ဒါမှမဟုတ် ၁၇ နှစ်ပဲရှိပါသေးတယ်။
လူးဝစ်က သူ့နေရာမှာ ထူးချွန်တဲ့ကစားသမားပါ။ ပြဿနာက သူက အကောင်သေးနေတာဖြစ်ပြီး တကယ်လို့ အရပ်သာရှည်မယ်ဆိုရင် အို့ဘယ်လောက်တောင်ကောင်းတဲ့ကစားသမားဖြစ်လိမ့်မလဲလို့ ကျွန်တော်ပြောမိမှာပါ။ ဒီနေ့မှာ သူက ဆက်နေမယ်ပြောပေမယ့် ဘာဖြစ်မလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး”လို့ ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။
လူးဝစ်ဟာ အခုနွေရာသီတစ်လျှောက်လုံးအသင်းပြောင်းဖို့ ချိတ်ဆက်ခံနေရတာဖြစ်ပြီး နော်တင်ဟမ်က တွန်းအားပေးလုပ်ဆောင်နေပါတယ်။ စီးတီးဘက် အသင်းလူစာရင်းမှာ စွယ်စုံရတာကြောင့် လူးဝစ်ကို ဆက်ထိန်းထားချင်နေပါတယ်။ ဒါပေမယ့်လည်း နော်တင်ဟမ်ရဲ့ချဉ်းကပ်မှုကို ဆက်ထိန်းထားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဂွါဒီယိုလာက လူးဝစ်ကိုအသင်းမှာဆက်နေပြီး ဆက်လက်တိုးတက်အောင်လုပ်ဆောင်ပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။