
အာဆင်နယ်နဲ့ပွဲအတွက် ဆက်စ်ကိုအဆင်သင့်ဖြစ်နေပြီလို့ အာမိုရင်ပြော
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းရဲ့တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုဟာ အလွန်အလားအလာရှိတဲ့ကစားသမားတစ်ဦးဖြစ်ကြောင်းနဲ့ လာမယ့်တနင်္ဂနွေနေ့ အာဆင်နယ်နဲ့ထိပ်တိုက်တွေ့ဆုံသွားမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေကြောင်း ပြောကြားလာခဲ့ပါတယ်။
ယူနိုက်တက်ကဟာ ဆက်စ်ကိုဟာ ယခုနွေရာသီအတွင်း ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်မှ ပြောင်းရွှေ့ကြေး ပေါင် ၇၄ သန်းနဲ့ခေါ်ယူထားခဲ့တာဖြစ်ပြီး ဒီရာသီ ယူနိုက်တက်ရဲ့ တန်ကြေးအမြင့်ဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။ အချို့သတင်းတွေအရ အာမိုရင်ဟာ အက်စ်တွန်ဗီလာတိုက်စစ်မှူး အိုလီဝက်ကင်းစ်ကို ခေါ်ယူဖို့သာ ပိုမိုအလေးသာခဲ့တယ်လို့သိရပေမယ့် ယခုအခါမှာ ပေါ်တူဂီသားက ဆက်စ်ကိုကို ချီးကျူးလာခဲ့တာဖြစ်ပါတယ်။
သောကြာနေ့ကပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အာမိုရင်က “ကျွန်တော်ဆက်စ်ကိုနဲ့ အလုပ်တွဲလုပ်ရတာ ဝမ်းသာပါတယ်။ အရမ်းအလားအလာရှိတဲ့ ကစားသမားတစ်ယောက်ပါ။ ဘောလုံးကိုလည်း ပုံစံမျိုးစုံနဲ့ ကစားတတ်ပါတယ်။ သူက ယူနိုက်တက်ရဲ့တိုက်စစ်မှူး အချိန်အကြာကြီးကစားနိုင်မယ့် ကစားသမားလို့လည်း ခန့်မှန်းမိပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့သူ့ကို တန်ကြေးမြင့်မြင့်မားမားပေးပြီး ခေါ်ယူခဲ့တာပါ” လို့ပြောကြားခဲ့ပါတယ်။
ဆက်စ်ကိုအနေနဲ့ ယူနိုက်တက်သို့ရောက်ရှိလာတာ ၁ ပတ်သာကြာသေးပေမယ့် အာမိုရင်ကတော့ ကြံ့ခိုင်မှုပြည့်ဝနေကြောင်းအခိုင်အမာပြောကြားထားပြီး အာဆင်နယ်နဲ့ပွဲမှာ ပါဝင်နိုင်ဖို့ရှိတယ်လို့ အသိပေးလာခဲ့ပါတယ်။ ပေါ်တူဂီသားနည်းပြက “ကျွန်တော်တို့မှာ အချိန်တွေအများကြီးမရှိပါဘူး။ ဒါပေမယ့် သူအဆင်သင့်ဖြစ်နေပါပြီ။ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု ပြည့်ဝနေပါတယ်။ ကစားဖို့လည်း အဆင့်သင့်ဖြစ်နေပြီလို့ထင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် အစဉ်အလာပြိုင်ဘက် အာဆင်နယ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ ဆက်စ်ကိုကို အသင်းမှာ ပထမဆုံးအကြိမ်မြင်တွေ့သွားရဖွယ်ရှိပါတယ်။