The network connection is lost.

Banner Image

ဝက်စ်ဟမ်းရဲ့ ချဉ်းကပ်မှုရရှိပြီးနောက် လီဗာပူးကနေ ထွက်ခွာဖို့ ဖွင့်ဟလိုက်တဲ့ ဟာဗေး အဲလီယော့

အသက် ၂၂ နှစ်အရွယ် ဟာဗေး အဲလီးယော့ ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ချန်ပီယံအသင်းအတွက် ၃၁ ပွဲ ကစားခဲ့ပေမဲ့ ပြိုင်ပွဲအားလုံးမှာ ၆ ပွဲသာ ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။သို့သော်လည်း အဲလီယော့ဟာ ပြီးခဲ့တဲ့လက လီကာစလေရဲ့ အသင်းက ဗိုလ်လုပွဲမှာ ဂျာမနီကို အနိုင်ရပြီး ဆုဖလားကို ထိန်းသိမ်းနိုင်ခဲ့တဲ့ ယူအီးအက်ဖ်အေ ယူ-၂၁ ဥရောပချန်ပီယံရှစ်မှာ အင်္ဂလန် အတွက် ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦး ဖြစ်ခဲ့ပါတယ်။

အဲလီးယော့ဟာ ပြိုင်ပွဲတစ်လျှောက် ကွင်းလယ်ကနေ ၅ ဂိုး သွင်းယူနိုင်ခဲ့ပြီး ယူအီးအက်ဖ်အေရဲ့ တရားဝင် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ ဝက်စ်ဟမ်းဟာ ပရီးမီးယားလိဂ်ရာသီသစ် မစတင်မီ အဲလီးယော့အတွက် အပြောင်းအရွှေ့ကို ဆွေးနွေးဖို့ ဒီလအတွင်း လီဗာပူး နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဟောင်ကောင်နဲ့ ဂျပန်ကို ရာသီကြိုခရီးစဉ်အတွက် လီဗာပူးအသင်းနဲ့ ပြန်လည်ပူးပေါင်းခဲ့တဲ့ အဲလီယော့ဟာ လာမယ့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန်အသင်းမှာ ပါဝင်ဖို့ဆိုရင် ပွဲထွက်ကစားချိန် ပိုမိုလိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဟောင်ကောင်မှာ The Anfield Wrap နဲ့ အင်တာဗျူးတွင် အဲလီယော့က "ကြည့်ပါဦး၊ ကျွန်တော့်စိတ်ကူးအတိုင်းဆိုရင် ကျွန်တော့်ရဲ့ ကစားသမားဘဝ တစ်လျှောက်လုံး ဒီမှာပဲ နေမှာပါ။ အဲဒါက ရိုးရှင်းပါတယ်။ ကလပ်နဲ့ပတ်သက်တဲ့ အရာအားလုံးကို ကျွန်တော် ချစ်ပါတယ်"

"ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် အတ္တဆန်ဖို့လိုပြီး ကျွန်တော့်အတွက် အကောင်းဆုံးက ဘာလဲဆိုတာကို ကြည့်ဖို့လိုပါတယ်" "ကျွန်တော့်မှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိပါတယ်။ ကမ္ဘာ့ဖလားကို သွားချင်ပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ ဆက်လက် အောင်မြင်ချင်ပါတယ်"

"ဒါက ကျွန်တော် ပြန်လည်သုံးသပ်ဖို့ လိုအပ်နေသေးတဲ့ ကိစ္စတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် တကယ်ကို လူတိုင်းနဲ့ စကားပြောပြီး အခြေအနေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဆီမှာ ကစားသမားအသစ်တွေ အများကြီး ရောက်လာခဲ့လို့ပါပဲ။ ဒါကြောင့် ကျွန်တော့်အတွက် လမ်းကြောင်းကို ပိတ်သွားမလားတော့ မသေချာပါဘူး။ ဒါက ကျွန်တော် ဆုံးဖြတ်ပြီး ကြည့်ရှုဖို့ လိုအပ်နေတဲ့ ကိစ္စတစ်ခုပါ"

"ကျွန်တော့်ရဲ့ အဓိကအာရုံက အခု ဒီမှာပဲ ရှိပါတယ်။ လက်ရှိအချိန်မှာတော့ ကျွန်တော် ဒီရာသီအတွက် ဒီမှာပဲ ရှိနေပါတယ် တခြားအရာတွေ မပြောင်းလဲဘူးဆိုရင်ပေါ့။ ကျွန်တော်တို့မှာ ရာသီကြို အလုပ်တွေများနေတယ်။ အနားယူချိန်မရှိပါဘူး။ ကျွန်တော် အဲဒီအပေါ်မှာ အာရုံစိုက်ပြီး အရာရာတိုင်းအတွက် အဆင်သင့်ဖြစ်နေအောင် သေချာလုပ်ရပါမယ်" လို့ ပြောကြားခဲ့ပါတယ်။