
အရူဂျိုရဲ့ဒဏ်ရာ ပြင်းထန်မှုမရှိကြောင်း အသိပေးလာတဲ့ ဟန်ဆီဖလစ်
ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က ယနေ့နံနက်က ဆီဗီလာကို ၁-၄ နဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဒဏ်ရာပြဿနာကြောင့် ပထမပိုင်းပွဲကစားချိန် ၂၂ မိနစ်မှာပဲလူစားလဲခံခဲ့ရပေမယ့် ရော်နယ်အရူဂျိုရဲ့ဒဏ်ရာဟာ ပြင်းထန်မှုမှုမရှိကြောင်း အသိပေးလာခဲ့ပါတယ်။ ဘာစီလိုနာအနေနဲ့ အမှတ်ပေးဇယားထိပ်ဆုံး ၂ သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့ရဲ့ သရေရလဒ်ကို အကောင်းဆုံးအခွင့်အရေးယူနိုင်ခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ လာလီဂါအမှတ်ပေးဖလားအတွက် ၂ သင်းစလုံးကို ပိုမိုဖိအားပေးလာနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဟန်ဆီဖလစ်ရဲ့အသင်းဟာ အမှတ်ပေးဇယားဒုတိယနေရာက အက်သလက်တီကိုနဲ့ ရမှတ် ၁ မှတ်သာကွာဟပြီး ထိပ်ဆုံးကရီးရဲလ်မက်ဒရစ်နဲ့တော့ ၂ မှတ်သာကွာဟတော့တာဖြစ်ပါတယ်။
သို့သော်လည်း တစ်ချိန်တည်းမှာပဲ ဟန်ဆီဖလစ်ရဲ့အသင်းဟာ ဆုံးရှုံးနစ်နာမှာအဖြစ် အရူဂျိုရဲ့ဒဏ်ရာနဲ့ ဖာမင်လိုပက်ဇ်ရဲ့အနီကတ်ပြစ်ဒဏ်ကိုလည်း ကြုံတွေ့ခဲ့ပါတယ်။ ဘာစီလိုနာအတွက် ဒုတိယမြောက်သွင်းဂိုးကို ဒုတိယပိုင်းအစမှာ သွင်းယူပေးခဲ့တဲ့ ဖာမင်ဟာ ပွဲကစားချိန် ၆၂ မိနစ်မှာ တိုက်ရိုက်အနီကတ်ပြသခံခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် စပိန်လက်ရွေးစင်ဟာ လာလီဂါရဲ့ဆုံးဖြတ်ချက်အပေါ်မူတည်ပြီး ၃ ပွဲအထိပွဲပယ်ခံရနိုင်ချေရှိပါတယ်။
အရူဂျိုရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ဖလစ်က "ဒဏ်ရာကို စစ်ဆေးမှုတွေပြုလုပ်သွားရဦးမှာဖြစ်ပြီး ရလဒ်ကိုတော့ မနက်ဖြန်မှသိရပါတယ်။ အရမ်းမပြင်းထန်ဖို့တော့ မျှော်လင့်ထားပါတယ်။ အခုချိန်မှာကြည့်ရတာတော့ ပြင်းထန်တဲ့ဒဏ်ရာမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
အစောပိုင်းသတင်းတွေအရတော့ အရူဂျိုဟာ ဒဏ်ရာပြင်းထန်တာကြောင့် လာမယ့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ ဗယ်လက်ကာနိုနဲ့ပွဲစဉ်ကို လွဲချော်သွားနိုင်တယ်လို့ ထင်ကြေးပေးထားပါတယ်။ ဆက်လက်ပြီး ဖလစ်က ကစားသမားဘဝ ပထမဆုံးအကြိမ် တိုက်ရိုက်အနီကတ်ပြစ်ဒဏ်တွေ့ကြုံခဲ့တဲ့ ဖာမင်လိုပက်ဇ်အနေနဲ့လည်း ယခုပြစ်ဒဏ်ကနေ သင်ယူနိုင်မယ်လို့မျှော်လင့်မိကြောင်း ပြောကြားခဲ့ပါတယ်။