ရာမို့စ်ကို ပြန်လည်ခေါ်ယူဖို့ အစီအစဉ်မရှိကြောင်း ဆီဗီလာအားကစားဒါရိုက်တာအတည်ပြု
ဆီဗီလာအသင်းအားကစားဒါရိုက်တာ အန်တိုနီယိုကော်ဒွန်က ဝါရင့်နောက်ခံလူဆာဂျီယိုရာမို့စ်ကို အသင်းဆီ ပြန်လည်ခေါ်ယူဖို့ အစီအစဉ်မရှိဘူးလို့ အတိအလင်းငြင်းဆိုလိုက်ပါတယ်။
လက်ရှိမှာ ရာမို့စ်ဟာ ဆီဗီလာအသင်းကို ဝယ်ယူပိုင်ဆိုင်နိုင်ရေးအတွက် ညှိနှိုင်းမှုတွေ လုပ်ဆောင်နေတာကြောင့် သူ့အနေနဲ့ ဒီရာသီလက်ကျန်ပွဲစဉ်တွေမှာ ကစားသမားအဖြစ်ပါ ပူးပေါင်းလာနိုင်တယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခဲ့ပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး အန်တိုနီယိုကော်ဒွန်က "ကျွန်တော်တို့ရဲ့အဓိကဦးစားပေးက တိုက်စစ်မှူးတစ်ဦး ရှာဖွေဖို့ပါ။ ဗဟိုနောက်ခံလူခေါ်ယူဖို့ကိုတော့ ဘယ်တုန်းကမှထည့်သွင်းမစဉ်းစားခဲ့ပါဘူး။ အသင်းအတွက် တိုက်စစ်ပိုင်းအင်အားဖြည့်တင်းဖို့ ပိုပြီးလိုအပ်ပါတယ်" လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အသင်းရဲ့ ဘဏ္ဍာရေး အခက်အခဲကြောင့် ကစားသမားသစ် ခေါ်ယူဖို့ မဖြစ်နိုင်ကြောင်းကိုလည်း သူက ပွင့်ပွင့်လင်းလင်း ဖွင့်ဟခဲ့ပါတယ်။ "ကျွန်တော်တို့မှာ ဘယ်သူ့ကိုမှ ခေါ်ယူဖို့ ငွေကြေးမရှိပါဘူး။ တစ်စုံတစ်ယောက်က ငွေစိုက်ထုတ်ပေးပြီး အာမခံပေးမယ်ဆိုတာမျိုးကိုလည်း ကျွန်တော် စိတ်မဝင်စားပါဘူး" လို့ ဆိုပါတယ်။
ရာမို့စ်နဲ့ ပတ်သက်ပြီး ဆက်သွယ်မှု မရှိတဲ့အပြင် လက်တွေ့မကျတဲ့ အခြေအနေကိုလည်း ကော်ဒွန်က ခိုင်းနှိုင်းပြောဆိုခဲ့ပါတယ်။ " ရာမို့စ်ဆီက ဘာသံမှ မကြားရသေးပါဘူး။ ဘဏ္ဍာရေးအရ ကန့်သတ်ချက်တွေ ရှိနေတာကြောင့် ဒါကို ကျွန်တော်မစဉ်းစားချင်ပါဘူး။ ဒါက ပိုက်ဆံမရှိဘဲ ကားတစ်စီး ဝယ်ဖို့ ကြိုးစားနေသလိုမျိုးပါပဲ" လို့ ပြောပါတယ်။
ဆီဗီလာအသင်းရဲ့ အနာဂတ်နဲ့ ပတ်သက်လို့လည်း ကော်ဒွန်က အကောင်းမြင်နေပြီး "ဆီဗီလာဟာ အလွန်ကြီးကျယ်တဲ့ ကလပ်တစ်ခုပါ။ ဥရောပရဲ့ထိပ်တန်းအဆင့်တွေထဲမှာပါဝင်တဲ့ ကလပ်အသင်းတစ်ခုဖြစ်လို့ ဆီဗီလာအတွက် အခွင့်အလမ်းတွေ အမြဲတမ်းရှိနေပါလိမ့်မယ်" လို့ မှတ်ချက်ပြုခဲ့ပါတယ်။
အသင်းကို ပြန်လည်ဦးမော့လာစေဖို့ ရည်မှန်းထားပြီး အချိန်ယူတည်ဆောက်သွားရမယ်လို့လည်း သူက ဆိုပါတယ်။ "ကျွန်တော် ဒီကိုရောက်တာ ၈ လပဲ ရှိပါသေးတယ်။ တခြားကလပ်တွေမှာ ၁၇ နှစ်လောက်အထိ နေခဲ့ဖူးပါတယ်။ အသင်းအပေါ်ထားရှိတဲ့ ကတိကဝတ်ကတော့ အလွန်ကြီးမားပါတယ်" လို့ အန်တိုနီယို ကော်ဒွန်က ပြောကြားသွားခဲ့ပါတယ်။