လီဂါနက်စ်ကိုရှုံးနိမ့်ပြီးနောက် ဘာစီလိုနာကစားသမားတွေကို ခွင့် ၂ ရက်ပေးခဲ့တဲ့ ဟန်ဆီဖလစ်
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လာလီဂါပွဲစဉ်မှာ လီဂါနက်စ်ကို မထင်မှတ်ဘဲ ၀-၁ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က အသင်းရဲ့ကစားသမားတွေကို ခွင့် ၂ ရက်ပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါရှုံးပွဲကြောင့် ဘာစီလိုနာဟာ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာရပ်တည်နေသေးပေမယ့် ဂီတာဖေးကို ၁-၀ နဲ့အနိုင်ရပြီး ဒုတိယနေရာသို့တက်လှမ်းလာခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်နဲ့ ရမှတ်တူညီသွားခဲ့ပြီဖြစ်ပါတယ်။
ဒါ့အပြင် အက်သလက်တီကိုဟာ ပွဲကျန်တစ်ပွဲကစားဖို့ကျန်ရှိနေပါသေးတယ်။ ဘာစီလိုနာဟာ မကြာသေးမီကာလတွေအတွင်း လာလီဂါမှာ ပုံစံကောင်းရဖို့ရုန်းကန်နေရပြီး နောက်ဆုံး ၆ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာရရှိခဲ့ကာ ၃ ပွဲအထိရှုံးနိမ့်ထားခဲ့ပါတယ်။
ဒါကြောင့် အခုလိုအသင်းရဲ့ရုန်းကန်နေရမှုက ကစားသမားတွေရဲ့ စိတ်ဖိစီးမှုနဲ့ ပွဲပန်းမှုဒဏ်တွေကြောင့်ဖြစ်တယ်လို့ ဖလစ်က ယူဆခဲ့ပြီး ခွင့် ၂ ရက်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဂျာမန်သားဟာ ပြီးခဲ့တဲ့ လီဂါနက်စ်နဲ့ပွဲစဉ်မှာ အသင်းကို ကွင်းဘေးကနေ အော်ဟစ်ညွှန်ကြားမှုတွေပြုလုပ်ခဲ့ခြင်းမရှိဘဲ နည်းပြခုံတန်းမှာသာထိုင်နေခဲ့ကာ လက်ထောက်နည်းပြ မားကပ်စ်ဆော့ဂ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်နေခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။
ဖလစ်စတင်ရောက်ရှိချိန်ကတည်းက ဘာစီလိုနာကစားသမားတွေဟာ ပွဲစဉ်တစ်ပွဲပြီးတိုင်း အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်သို့ ၁ ရက်အကြာမှာပဲ လာရောက်ခဲ့ကြရပေမယ့် ယခုအခါမှာတော့ ပထမဆုံးအကြိမ်အဖြစ် ခွင့် ၂ ရက်ရရှိခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။ ဘိုင်ယန်မြူးနစ်နည်းပြဟောင်းဟာ ကစားသမားတွေကို ကောင်းကောင်းအနားယူစေပြီး လာလီဂါကိုအာရုံစိုက်ဖို့ ပစ်မှတ်ထားနေပုံရပါတယ်။
လာမယ့် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာတော့ ဘာစီလိုနာဟာ လာလီဂါပွဲစဉ်အဖြစ် ပြိုင်ပွဲစုံ ၁၁ ပွဲဆက်တိုက်အနိုင်ရထားတဲ့ အက်သလက်တီကိုမက်ဒရစ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်လိုပါက မဖြစ်မနေအနိုင်ကစားသွားဖို့လိုအပ်နေပါတယ်။