
ဘာစီလိုနာကစားသမားတွေရဲ့ကြံ့ခိုင်မှု ကောင်းမွန်ပြည့်ဝနေစေရေးကိုပဲ အာရုံစူးစိုက်နေတဲ့ ဟန်စီဖလစ်ခ်
ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်က လာလီဂါအမှတ်ပေးဇယားကိုဦးဆောင်ကာ ချန်ပီယံလိဂ်နဲ့ ကိုပါဒယ်လ်ရေးဖလားတွေအတွက် ဆက်လက်တိုက်ပွဲဝင်နေတဲ့ သူ့အသင်းအတွက် ကြံ့ခိုင်မှုပိုင်းပြည့်ဝကောင်းမွန်နေရေးကိုသာ အပြည့်အဝအာရုံစိုက်နေပါတယ်။ဘာစီလိုနာက စနေညပိုင်းမှာ လီဂါနက်စ်ကို ၁-၀ ဂိုးဖြင့် အနိုင်ယူပြီး စပိန်ရဲ့အဆင့်အမြင့်ဆုံးလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာမှဦးဆောင်နေမှုကို ထပ်မံတိုးမြှင့်နိုင်ခဲ့ပါတယ်။ သူတို့တွေက ၁၂ ပွဲဆက်ရှုံးပွဲမရှိဖြတ်သန်းရင်း အမှတ်ပေးဇယားဒုတိယနေရာရှိ ရီးရဲလ်မက်ဒရစ်ကို ခုနစ်မှတ်တိတိ ဖြတ်ထားနိုင်ပါတယ်။
ပွဲစဉ်အပြီး ဟန်စီဖလစ်ခ်က “ ကစားသမားတွေ ကြံ့ခိုင်မှုပြည့်ဝနေဖို့အတွက်ပဲ ကျွန်တော်တို့ အာရုံစိုက်သွားရပါမယ်။ လက်ရှိနည်းလမ်းက ဒါပါပဲ။ ဒီည ကျွန်တော်တို့တွေ ဘာစီလိုနာမြို့ဆီ ပြန်လည်ရောက်ရှိပြီး မနက်ဖြန်မှာ လေ့ကျင့်ခန်းဆင်းရပါမယ်။ပြီးရင်တော့ တနင်္လာနေ့မှာ ဒေါ့မွန်မြို့ဆီ ခရီးဆက်ရပါမယ်။ ကျွန်တော်တို့အတွက် အကြောင်းပြချက်ဆိုတာ မရှိပါဘူး။ ကြံ့ခိုင်မှုပြည့်ဝနေဖို့ လိုအပ်ပေမယ့် ကျွန်တော်တို့ရဲ့အလုပ်က ဒါပါပဲ”လို့ ပြောပါတယ်။
လီဂါနက်စ်နဲ့ပွဲစဉ်မှာ ပြိုင်ဘက်နောက်ခံလူဂျော့ရှ်ရှိန်းရဲ့O.G က ကတ္တလန်သားတွေအတွက် နိုင်ပွဲရရှိဖို့ လုံလောက်ခဲ့ပေမယ့် ဟန်စီလစ်ခ်ကတော့ အခုလိုခက်ခဲလှတဲ့ပွဲကျပ်ကာလမှာ နိုင်ပွဲဆိုတာ နိုင်ပွဲပါပဲလို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဘာစီလိုနာနည်းပြက “ သုံးမှတ်က သုံးမှတ်ပါပဲ။ ပွဲတိုင်းမှာ ကျွန်တော်တို့တွေ မိနစ် ၉၀ ပြည့် တိုက်ပွဲဝင်ရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း၊ သီတင်းပတ်တိုင်းမှာ ကစားသမားတွေအပေါ် ကျရောက်ခဲ့တဲ့ ဝန်ထုပ်ဝန်ပိုးကို ကြည့်လိုက်မယ်ဆိုရင် မယုံကြည်နိုင်စရာကောင်းပါတယ်။နိုင်ငံတကာသီတင်းပတ်အပြီး ကျွန်တော့်ကစားသမားတွေ လုပ်ပြခဲ့တဲ့အရာနဲ့ ကျွန်တော့်အသင်းရဲ့ အံ့မခန်းစွမ်းဆောင်ရည်ပိုင်းကို မြင်တွေ့ခဲ့ရပါတယ်။ သူတို့အတွက် ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်”လို့ ပြောပါတယ်။
အလားတူ နည်းပြက နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ လီဂါနက်စ်တိုက်စစ်မှူးမူနီယာရဲ့စိန်ခေါ်ချက်အပေါ် အံ့မခန်းဖြတ်ထုတ်ကာကွယ်ခဲ့တဲ့ အင်နာဂိုမာတီနက်ဇ်ရဲ့စွမ်းဆောင်ရည်ကိုလည်း အလျင်အမြန်ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဟန်စီဖလစ်ခ်က “ ဒါ ပွဲရဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ အကောင်းဆုံးကာကွယ်နိုင်ခဲ့တာပါ။ မှန်ပါတယ်၊ ဒီကာကွယ်မှုအတွက် ကျွန်တော် အောင်ပွဲခံခဲ့ပါတယ်။ ပြီးပြည့်စုံတဲ့ပွဲစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်”လို့ ဆိုပါတယ်။
ပြိုင်ပွဲစုံ ၂၄ ပွဲဆက် ရှုံးပွဲမရှိဖြတ်သန်းထားတဲ့ ဘာစီလိုနာက လာမယ့်အင်္ဂါနေ့မှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အဖြစ် ဒေါ့မွန်နဲ့ ရင်ဆိုင်ကစားရပါမယ်။ ပထမအကျော့မှာတော့ ဘာစီလိုနာက ဒေါ့မွန်ကို ၄-၀ ဂိုးဖြင့် အနိုင်ယူထားပါတယ်။ အဲ့ဒီပွဲစဉ်အပြီး သီတင်းပတ်ကုန်ပိုင်းမှာ ကတ္တလန်သားတွေက ဆယ်လ်တာဗီဂိုကို လာလီဂါအိမ်ကွင်းပွဲစဉ်အဖြစ် ဧည့်ခံကစားရပါမယ်။