The network connection is lost.

Banner Image

ယာမယ်လ်ကို ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ချီးကျူးလိုက်တဲ့ ဟန်စီဖလစ်ခ်

ဘက်တစ်ကို ၂-၅ ဂိုးဖြင့် အံ့အားသင့်ဖွယ် အနိုင်ယူခဲ့တဲ့ အဝေးကွင်းပွဲစဉ်အပြီး ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်က အသက် ၁၉ နှစ်အရွယ်ယာမယ်လ်ရဲ့စူပါခြေစွမ်းကို ချီးကျူးပြောဆိုခဲ့ပါတယ်။

အခုပွဲစဉ်မှာ စပိန်လူငယ်ကြယ်ပွင့်က ပွဲအစ ၁၀ မိနစ်ဝန်းကျင်မှာတင် တစ်ကိုယ်တော်စွမ်းရည်ဖြင့် ထိုးဖောက်ကာ အဖွင့်ဂိုး စတင်သွင်းယူပေးခဲ့သလို ဒုတိယပိုင်းစတင်ချိန်မှာလည်း ၁-၃ ဂိုးဆိုတဲ့ ရလဒ်ဖြစ်လာစေမယ့် ဂျီးဆပ်စ်ရဲ့သွင်းဂိုးအတွက် ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။

ပွဲစဉ်အပြီး ဟန်စီဖလစ်ခ်က "ယာမယ်လ်ရဲ့သွင်းဂိုးကို ကြည့်လိုက်ပါ။ မယုံနိုင်စရာကောင်းပါတယ်။ ကျွန်တော့်အတွက်တော့ သူက ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ပြီး သူ ကစားနေတာကို ကြည့်ရတာ ကျွန်တော် သဘောကျပါတယ်" လို့ ပြောပါတယ်။

ဟန်စီဖလစ်ခ်က ဘာစီလိုနာကို အခုဘောလုံးရာသီအစ၊ ပြိုင်ပွဲစုံ ၁၁ ပွဲကစားပြီးချိန် ရာနှုန်းပြည့်နိုင်ပွဲရရှိအောင် ဦးဆောင်ပေးခဲ့ပြီး ဒီရာသီ၊ ယာယီအိမ်ကွင်းမှာ ရီးရဲလ်မက်ဒရစ်နဲ့ရင်ဆိုင်ရချိန် ဦးချိုးခဲ့တဲ့ ဘက်တစ်ကိုတောင် အလွယ်တကူအနိုင်ရရှိအောင် လမ်းပြနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရိုဒရီရဲ့ဘာစီလိုနာကစားသမားဘ၀ ပထမဆုံးသွင်းဂိုးနဲ့အတူ အဲရစ်ဂါစီယာ၊ ဒါနီအိုလ်မိုတို့ရဲ့သွင်းဂိုးတွေကြောင့်လည်း ဆီဗီးလ်မြေမှာ လက်ရှိလာလီဂါချန်ပီယံတွေအတွက် တောက်ပတဲ့ညချမ်းလေးတစ်ခု ဖြစ်လာခဲ့ပြီး အခုဘောလုံးရာသီ၊ ဘာစီလိုနာအသင်းကို တားဆီးနိုင်မယ့် ပုံစံမျိုး မတွေ့ရလောက်အောင်အထိ အစွမ်းပြခဲ့ပါတယ်။

၂-၄ ဂိုးဆိုတဲ့ ရလဒ်ဖြစ်နေချိန် အဝါကတ်ပြသခံထားရတဲ့ ယာမယ်လ်ကို လူစားလဲလှယ်မှုနဲ့ပတ်သက်လို့ ဟန်စီဖလစ်ခ်က ပွဲပန်းမှုထိန်းညှိပေးရုံသက်သက်ပဲလို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။

ဘာစီလိုနာနည်းပြက "ရလဒ်အနေအထားအရ သူ့ကို လူစားလဲခဲ့ပေမဲ့ သူ့ရဲ့စွမ်းဆောင်ရည်အတွက် ဂုဏ်ယူတယ်လို့ သူ့ကို ပြောခဲ့ပါတယ်။ သူက ဖိအားတွေ အများကြီးအောက်မှာ ရှိနေပေမဲ့ ရာနှုန်းပြည့် အာရုံစိုက်ထားသလို စိတ်နှစ်မြှုပ်ထားပါတယ်။ ကစားသမားကောင်းတွေဆိုတာ ဒီလိုမျိုးမှတဆင့် ပေါ်ထွက်လာတာပါ" လို့ ဆိုပါတယ်။

လတ်တလောမှာ ကတ္တလန်သားတွေက ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် အင်္ဂါနေ့ချန်ပီယံလိဂ်ပွဲကြီးပွဲကောင်းအပြင် လာမယ့်တနင်္ဂနွေနေ့မှာ အခုဘောလုံးရာသီအတွက် ပထမဆုံးအယ်လ်ကလက်စီကိုပွဲစဉ် ဆင်နွှဲရဖို့ရှိနေလို့ အလွန်အရေးကြီးတဲ့သီတင်းပတ်ဆီ ချဉ်းကပ်လာပါတယ်။ ဒါက သူတို့ရဲ့စိတ်ဓါတ်ကြံ့ခိုင်မှုအပေါ် စမ်းသပ်မှုဖြစ်မယ်ဆိုတာ သေချာနေပေမဲ့ ဒီလိုပွဲကြီးပွဲကောင်းတွေကိုလည်း မကျော်ဖြတ်နိုင်စရာ မရှိဘူးဆိုတာကို အခုအချိန်အထိ သူတို့တွေ သက်သေပြထားနိုင်ပါတယ်။