The network connection is lost.

Banner Image

ရက်ရှ်ဖို့ဒ်ကို ဘာကြောင့်လူစားလဲလှယ်ခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ ဟန်စီဖလစ်ခ်

ဒီနေ့မနက်ပိုင်း၊ ဗလန်စီယာမြို့မှာကစားခဲ့တဲ့ ပွဲစဉ်အတွင်း ဘာစီလိုနာက လီဗန်တေးကို ဒုတိယပိုင်းပွဲချိန်တွေမှာ တိုက်စစ်ဆင်မှုများစွာပြုလုပ်ရင်း ၃-၂ ဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။

အခုပွဲစဉ်ရဲ့အစောပိုင်းမိနစ်တွေမှာ အိုင်ဗန်ရိုမီရိုရဲ့အဖွင့်ဂိုး၊ ဟိုဆေးမော်ရာလက်စ်တို့ရဲ့ပယ်နယ်တီဂိုးတို့ကို ခွင့်ပြုပေးခဲ့ရလို့ နူးကမ့်သားတွေ နှစ်ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာ တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့တုံ့ပြန်မှုတစ်ခု ပြသဖို့ မဖြစ်မနေလိုအပ်ခဲ့ပါတယ်။

ဒုတိယပိုင်းပွဲချိန်တွေမှာ ပက်ဒရီနဲ့ ဖာရန်တောရက်စ်တို့က လိုအပ်နေတဲ့ချေပဂိုးတွေ သွင်းယူပေးခဲ့ပြီး အူနိုင်းအယ်လ်ဂျီဇာဘယ်လ်ရဲ့ ပွဲချိန်နှောင်းပိုင်း O.G နဲ့အတူ ဘာစီလိုနာတို့ အဖိုးတန်အဝေးကွင်းနိုင်ပွဲ ရရှိခဲ့ပါတယ်။

ဟန်စီဖလစ်ခ်ကတော့ လီဗန်တေးရရှိခဲ့တဲ့ အငြင်းပွားဖွယ်ပယ်နယ်တီအခွင့်အရေးအတွက် ပွဲစဉ်တာဝန်ရှိသူတွေရဲ့ဆုံးဖြတ်ချက်ကို လေးစားလိုက်နာရုံမှလွဲပြီး အခြားရွေးချယ်စရာမရှိဘူးလို့ တုံ့ပြန်သွားခဲ့ပါတယ်။ အဲ့ဒီအစား ဘိုင်ယန်မြူးနစ်နည်းပြဟောင်းက မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ပထမဆုံးလာလီဂါပွဲထွက်ခွင့်အပါအဝင် သူ့ရဲ့ရွေးချယ်မှုအချို့အပေါ် အာရုံစိုက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အပြီး ကွင်းလယ်ပိုင်းမှာ ဂါဗီနေရာအတွက် ကာဆာဒို ဝင်ရောက်လာခဲ့သလို တိုက်စစ်ပိုင်းမှာလည်း ရက်ရှ်ဖို့ဒ်နေရာမှာ ဒါနီအိုလ်မိုကို လူစားလဲလှယ်ခဲ့ပါတယ်။ အခုလိုရက်ရှ်ဖို့ဒ်ပွဲထွက်လာမှုကြောင့် ဘာစီလိုနာတိုက်စစ်ပိုင်းမှာ ဗျူဟာမြောက်အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပြီး ရာဖင်ဟာကို No.10 Role ဆီပြောင်းရွှေ့ကာ အင်္ဂလန်တိုက်စစ်မှူးက ဘယ်ခြမ်းတိုက်စစ်မှာ နေရာယူခဲ့ပါတယ်။

ပထမပိုင်းပွဲချိန်အပြီး နှစ်ဂိုးပြတ်အရေးနိမ့်နေချိန်မှာတော့ ဟန်စီဖလစ်ခ်က ရက်ရှ်ဖို့ဒ်ကို ဒါနီအိုလ်မိုနဲ့လူစားလဲပြီး ရာဖင်ဟာကို ဘယ်ခြမ်းဆီ ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘာစီလိုနာနည်းပြကတော့ ရက်ရှ်ဖို့ဒ်ရဲ့ပထမပိုင်း ၄၅ မိနစ်ခြေစွမ်းအပေါ် အားရကျေနပ်နေခဲ့ပြီး ပွဲကို ပြန်လည်ထိန်းချုပ်ရန်အတွက် လူစားလဲလှယ်ခဲ့တယ်လို့ ရှင်းပြပါတယ်။

ဟန်စီဖလစ်ခ်က “ ပထမပိုင်းပွဲချိန်အတွင်း ရက်ရှ်ဖို့ဒ်အတွက် အခွင့်အရေးအချို့ ရရှိခဲ့ပါတယ်။ သူက ကျွန်တော်တို့ကို ကူညီနိုင်စွမ်းရှိတယ်ဆိုတာ ပြသခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်မှာတော့ ကျွန်တော်တို့အတွက် ရာဖင်ဟာကို တောင်ပံဆီပြန်ပို့နိုင်ရေး အပြောင်းအလဲတွေပြုလုပ်ဖို့ မဖြစ်မနေလိုအပ်ခဲ့ပါတယ်။

မှန်ကန်တဲ့အပြောင်းအလဲတွေလို့ ကျွန်တော်ထင်ပါတယ်။ ပထမဆုံးချေပဂိုးက ပွဲကို အလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်”လို့ ပြောပါတယ်။ စက်တင်ဘာနိုင်ငံတကာသီတင်းပတ်မတိုင်ခင် ဘာစီလိုနာက သြဂုတ် ၃၁ ရက်မှာ ဗယ်လီကာနိုနဲ့ လာလီဂါအဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။