The network connection is lost.

Banner Image

အင်တာစတားပြန်လာမယ့်အချိန်ကို ထုတ်ဖော်ပြောကြားလာတဲ့ နည်းပြ ချီဗူ

အင်တာမီလန်အသင်းခေါင်းဆောင် မာတီနက်ဇ် နဲ့ အချင်းများခဲ့ပြီးနောက် နည်းပြ ချီဗူက ကွင်းလယ်လူ ကာဟန်နိုဂလူတစ်ယောက် ဒဏ်ရာကနေပြန်လာနိုင်ဖို့ နီးစပ်နေပြီလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အခုနွေရာသီမှာ အသင်းကနေထွက်ခွာမယ်လို့ သတင်းကြီးနေပေမယ့် အင်တာနည်းပြ ချီဗူက ကာဟန်နိုဂလူရဲ့ကြံ့ခိုင်မှုအခြေအနေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ချန်ပီယံလိဂ်ဖိုင်နယ်ကစားပြီးနောက် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း လေ့ကျင့်ခန်းဆင်းနေချိန်မှာ ဒဏ်ရာရရှိခဲ့တဲ့ ကာဟန်နိုဂလူတစ်ယောက် မကြာခင်မှာ အသင်းထံပြန်လာနိုင်တော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်တုန်းက ကာဟန်နိုဂလူအနေနဲ့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ စီးရီးအေချန်ပီယံဆုကို လက်လွှတ်ခဲ့ရတဲ့အပြင် ကိုပါအီတာလီယာဆီမီးဖိုင်နယ်မှာလည်း အေစီမီလန်ကို အရေးနိမ့်ခဲ့ပြီး တူရကီဟာ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲအတွင်းမှာလည်း ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

ကလပ်ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်လာခဲ့ပေမယ့် လေ့ကျင့်ခန်းဆင်းနေချိန်မှာ နောက်ထပ်ဒဏ်ရာထပ်မံရရှိခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ဖလူမီးနီးစ်ကို၂-၀ နဲ့အရေးနိမ့်ခဲ့ပြီးနောက် အင်တာမီလန်အသင်းခေါင်းဆောင် မာတီနက်ဇ်နဲ့ အချင်းများခဲ့ပါတယ်။ အဆိုပါအခြေအနေတွေကြောင့် အခုနွေရာသီမှာ အသင်းကနေထွက်ခွာမယ်လို့ သတင်းကြီးခဲ့ပြီး ဖီနာဘာချီ နဲ့  ဂါလာတာစာရေးတို့က ချိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကစားသမားကိုယ်တိုင်က အင်တာမီလန်မှာ ပျော်ရွှင်နေပြီး အသင်းမှာဆက်နေမယ်လို့ ကြေညာခဲ့ပါတယ်။

“သူ (ကာဟန်) ပြန်လာနိုင်တော့မှာကို ကျွန်တော် ပျော်ပါတယ်။ အခုနွေရာသီမှာ သူအလုပ်ကြိုးစားနေသလို ပြန်လာနိုင်ဖို့လည်း ဆာလောင်နေပါပြီ။ သူ အမေရိကမြေမှာတုန်းက အသင်းကိုမကူညီနိုင်လို့ အရမ်းစိတ်ပျက်နေပါတယ်။ အခုတော့ သေချာလေးလေ့ကျင့်နေပြီး အလုပ်ကြိုးစားနေပါတယ်။ သူ့မျှော်လင့်ချက် နဲ့ ကျွန်တော်တို့မျှော်လင့်ချက်က အတူတူပါပဲ။ မကြာခင်မှာ သူ့ကိုပြန်လည်မြင်တွေ့ရတော့မှာပါ”လို့ ချီဗူက ပြောကြားခဲ့ပါတယ်။ ကာဟန်နိုဂလူတစ်ယောက် အင်တာမီလန်အသင်းနဲ့ လေ့ကျင့်ခန်းဆင်းနေပြီဖြစ်ကာ လာမယ့်သြဂုတ်လ ၂၅ ရက်နေ့မှာ အင်တာမီလန်ဟာ စီးရီးအေအဖွင့်ပွဲအဖြစ် တိုရီနိုနဲ့ ကန်ရမှာဖြစ်ပါတယ်။