လက်ကျန်သုံးပွဲအလိုမှာတင် စီးရီးအေချန်ပီယံဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့ ချီဗူးရဲ့ အံ့အားသင့်ဖွယ်အင်တာမီလန်အသင်း
စီးရီးအေထိပ်သီးအင်တာမီလန်အသင်းက အခုသီတင်းပတ်ကုန်ပွဲစဉ်ရလဒ်ပိုင်းတွေကြောင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ၁၂ မှတ်အထိ အသာစီးရယူထားနိုင်လို့ လက်ကျန်သုံးပွဲကစားရဖို့ကျန်ရှိနေချိန်မှာတင် သူတို့ရဲ့ ၂၁ ကြိမ်မြောက်စကူဒက်တိုချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
စီးရီးအေရဲ့ ၂၀၂၅-၂၆ ဘောလုံးရာသီ၊ ပွဲစဉ် ၃၅ မှာ အင်တာမီလန်က ပါးမားနဲ့ တနင်္ဂနွေနေ့အိမ်ကွင်းပွဲစဉ်မှာ အနိုင်ရလဒ်ဖော်ဆောင်နိုင်ရင် သို့မဟုတ် စနေနေ့မှာ နာပိုလီ ရှုံးနိမ့်ပြီး တနင်္ဂနွေနေ့မှာ အေစီမီလန်တို့ နိုင်ပွဲပျောက်ဆုံးခဲ့ရင် ချန်ပီယံဖြစ်မယ်ဆိုတာ ကြိုတင်သိရှိထားပါတယ်။
တကယ်လည်း ကွင်းတွင်းရလဒ်ပိုင်းအရ နာပိုလီ သရေကျပြီး မီလန်ရှုံးနိမ့်ခဲ့သလို အင်တာမီလန်ကလည်း ပါးမားကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့လို့ ချန်ပီယံဆုအတွက် အပြတ်အသတ်အတည်ပြုနိုင်ခဲ့ပါတယ်။
နည်းပြချီဗူးအတွက်တော့ အင်တာမီလန်ကိုစတင်ကိုင်တွယ်တဲ့ ပထမဆုံးရာသီမှာတင် အခုလို အောင်မြင်မှုရရှိခဲ့ခြင်းကြောင့် တကယ့်ကို ကြီးမားတဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာခဲ့ပါတယ်။ အသင်းကစားသမားဟောင်းဖြစ်သူ ချီဗူးက ၂၀၂၅ ခုနှစ်၊ နွေရာသီမှာ ဆော်ဒီကလပ်အယ်လ်ဟီလယ်ဆီပြောင်းရွှေ့သွားတဲ့ ဆီမြွန်နီအင်ဇာဂီရဲ့နေရာကို အစားထိုးတာဝန်ယူခဲ့ပါတယ်။
အင်ဇာဂီက အင်တာမီလန်ကို စီးရီးအေဖလား (၂၀၂၃-၂၄ ဘောလုံးရာသီ)၊ ကိုပါအီတာလီယာဖလား ၂ ကြိမ်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ နှစ်ကြိမ်တိုင် ပို့ဆောင်ပေးခဲ့လို့ သူ့နေရာကို ဆက်ခံဖို့ဆိုတာ ချီဗူးအတွက်တော့ တကယ်ကိုမလွယ်ကူတဲ့ အလုပ်တစ်ခု ဖြစ်ခဲ့ပါတယ်။
ဒီရာသီစတင်ချိန်မှာလည်း အသက် ၄၅ နှစ်အရွယ်ချီဗူးဆီမှ အခုလိုအောင်မြင်မှုမျိုးချက်ချင်းရရှိဖို့ ဘယ်သူမှ မမျှော်လင့်ခဲ့ကြပါဘူး။ အထူးသဖြင့် ချန်ပီယံဆုကို ကာကွယ်ဖို့ ကြိုးစားနေတဲ့ ကွန်တီရဲ့ နာပိုလီနဲ့ အတွေ့အကြုံရင့်နည်းပြအယ်လီဂရီရဲ့အေစီမီလန်တို့ကို ကျော်ဖြတ်ဖို့ ခက်ခဲမယ်လို့ ယူဆထားခဲ့ကြပါတယ်။ဒါပေမဲ့ ရာသီကုန်ခါနီးလာချိန်မှာတော့ အင်တာမီလန်ရဲ့အဓိကပြိုင်ဘက်တွေခြေချော်မှု၊ အမှတ်ပေးဇယားစတုတ္ထနေရာရှိ ဂျူဗင်တပ်စ်ရဲ့တစ်ရာသီလုံးရုန်းကန်နေရမှုတွေကြောင့် ချန်ပီယံဘယ်သူဖြစ်မလဲဆိုတာ စောစောစီးစီး အဖြေထွက်ပေါ်လာခဲ့ပါတယ်။
ထက်မြက်တဲ့ တိုက်စစ်နဲ့ ကျစ်လျစ်တဲ့ ခံစစ်
အင်တာမီလန်က အခုရာသီ၊ စီးရီးအေပြိုင်ပွဲမှာ တိုက်စစ်အလွန်ကောင်းမွန်ခဲ့ပြီး နာပိုလီ၊ အေစီမီလန်တို့ထက် အနည်းဆုံး ဂိုး ၃၀ ပိုသွင်းထားနိုင်ခဲ့ပါတယ်။ တိုက်စစ်မှာ အသင်းခေါင်းဆောင်လော်တာရိုမာတီနက်ဇ်က ၁၆ ဂိုးသွင်းယူကာ လိဂ်ရဲ့ ဂိုးသွင်းအများဆုံးဖြစ်နေသလို မားကတ်စ်သူရမ်က ၁၃ ဂိုး၊ ကယ်လ်ဟာနိုဂလူက ၉ ဂိုးတို့နဲ့ အားဖြည့်ပေးခဲ့ပါတယ်။ ဒါ့အပြင် အသက် ၂၀ အရွယ်လူငယ်ကစားသမားအက်စ်ပိုစီတိုကလည်း ၆ ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြခဲ့ပါတယ်။
နောက်ခံလူဒီမာကိုက ဂိုးဖန်တီးမှု ၁၈ ကြိမ်အထိ ပြုလုပ်ထားပြီး ဒါဟာ စီးရီးအေသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးစံချိန်ဖြစ်ပါတယ်။ အလားတူ ကွင်းလယ်လူဘာရယ်လာကလည်း ဂိုးဖန်တီးမှု ၆ ကြိမ်ထက်မနည်း ပြုလုပ်ပေးထားပါတယ်။
ခံစစ်ပိုင်းမှာလည်း တစ်ပွဲကို ပျမ်းမျှ ၁ ဂိုးအောက်သာ ပေးခဲ့ရပြီး (စုစုပေါင်း ၃၁ ဂိုး) ဝါရင့်ဂိုးသမားယန်းဆွန်းမားနဲ့ အငှားဖြင့်လာရောက်ကစားနေတဲ့ အကန်ဂျီတို့ကလည်း အခုရာသီတလျှောက်လုံး အသင်းအတွက် ပွဲတိုင်းနီးပါး ပါဝင်ကစားပေးခဲ့ပါတယ်။ သူတို့က အခုရာသီတလျှောက်လုံး ၅ ပွဲသာ ရှုံးနိမ့်ပြီး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ချန်ပီယံလိဂ်မှာတော့ နော်ဝေကလပ် ဘိုဒိုဂလင့်ကို ရှုံးနိမ့်ပြီး ပလေးအော့ဖ်အဆင့်မှ ထွက်ခဲ့ရမှုက အင်တာမီလန်အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ချီဗူးရဲ့အသင်းက ပြည်တွင်းလိဂ်ကို ပိုအာရုံစိုက်ခဲ့ပြီး နာပိုလီနဲ့ အေစီမီလန်တို့ အမှတ်တွေလျော့နေချိန် အင်တာမီလန်ကတော့ အမှားအယွင်းမရှိခဲ့ဘဲ ချန်ပီယံဆုဆီ အရောက်လှမ်းနိုင်ခဲ့ပါတယ်။
ရာသီကုန်ခါနီး သူတို့ရဲ့ခြေစွမ်းက တကယ်ကို ကွာခြားချက်ကြီးမားသွားစေခဲ့ပါတယ်။ နိုဝင်ဘာလမှာ အေစီမီလန်ကို ရှုံးခဲ့ပြီးနောက်ပိုင်း အင်တာမီလန်က စီးရီးအေမှာ တစ်ပွဲသာ ထပ်မံအရေးနိမ့်ခဲ့ပါတယ်။ လက်ရှိမှာလည်း ၈ ပွဲဆက် ရှုံးပွဲမရှိစံချိန်နဲ့အတူ စီးရီးအေချန်ပီယံ ဖြစ်သွားခဲ့သလို ကိုပါအီတာလီယာဖလားဗိုလ်လုပွဲဆီလည်း တက်လှမ်းထားနိုင်လို့ ချီဗူးအတွက် ဆုဖလားနှစ်လုံးအောင်ပွဲမျှော်လင့်ချက် ရှိနေပါတယ်။
အင်တာမီလန်က ၂၀၁၀ ပြည့်နှစ်၊ မော်ရင်ဟိုလက်ထက် ဖလားသုံးလုံးအောင်မြင်ခဲ့တဲ့ ဘောလုံးရာသီမှာပဲ ပြည်တွင်းဆုဖလားနှစ်လုံးအောင်ပွဲကို နောက်ဆုံးအကြိမ်ဆွတ်ခူးနိုင်ခဲ့တာပါ။ အီတလီရဲ့ ထိပ်တန်းလိဂ်မှာတော့ ဂျူဗင်တပ်စ် (၃၆ ကြိမ်)ကသာ အင်တာမီလန်ထက် ချန်ပီယံဆုဖလားအရေအတွက် ပိုမိုများပြားနေပါတယ်။