မန်စီးတီးရဲ့ချန်ပီယံဆုမျှော်လင့်ချက်နဲ့ အာဆင်နယ်အတွက်သတိပေးချက်ကို ထုတ်ပြန်လိုက်တဲ့ ပက်ဂွါဒီယိုလာ
ပက်ဂွါဒီယိုလာက ပရီးမီးယားလိဂ်ချန်ပီယံဆုပြိုင်ဘက် အာဆင်နယ်ဆီ သတိပေးစကားပြောကြားချိန် အခုရာသီ၊ မန်စီးတီးအသင်း ပြန်လည်ဦးမော့လာရခြင်းအတွက် အဓိကအကြောင်းအရင်းတွေကို ရှင်းပြခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေနေ့၊ နော်တင်ဟမ်ဖောရက်စ်ကို နောက်ကျဂိုးဖြင့် အနိုင်ယူပြီးနောက် မန်စီးတီးက အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ ခေတ္တတက်လှမ်းခဲ့ပြီး အဲ့ဒီနေ့နှောင်းပိုင်းမှာ ဘရိုက်တန်ကို အာဆင်နယ်တို့ အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားဒုတိယနေရာဆီ ပြန်ဆင်းပေးခဲ့ပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံဆုကို လေးကြိမ်ဆက်သိမ်းပိုက်ပြီးနောက် မန်စီးတီးက ယမန်နှစ်ဘောလုံးရာသီမှာတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းမှစတင်ကာ ရာသီသိမ်းကာလအထိ မတည်မငြိမ်နဲ့ ဖြတ်သန်းခဲ့ပါတယ်။
အခုရာသီ၊ မန်စီးတီးရဲ့အထင်ကြီးလောက်စရာပြန်လည်နိုးထလာမှု ကို ပြန်ပြောင်းသုံးသပ်ရာမှာ ပက်ဂွါဒီယိုလာက “ စွမ်းအင်ပါပဲ။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ကျွန်တော်တို့အသင်းရဲ့စွမ်းအင် ပျောက်ဆုံးနေခဲ့ပါတယ်။ အမေရိကန်မှာရှိနေချိန်ကာလတွေမှာ လူတိုင်းက ပိုကောင်းအောင်လေ့ကျင့်ပြီး ပိုကောင်းအောင်ယှဉ်ပြိုင်လာကြပါတယ်။
စွမ်းအင်ပါ။ ဒါက ပထမဆုံးလုပ်ဆောင်ချက်လည်း ဖြစ်ပါတယ်။ ပြီးရင် နောက်တန်းလေးဦးကစားပုံအကြောင်း၊ တောင်ပံကစားသမားတွေအကြောင်း ပြောလို့ရပေမယ့် ပထမဆုံးတော့ စွမ်းအင်အကြောင်းပဲ ပြောရပါမယ်။ အယ်လ်ဟီလယ်ကိုရှုံးနိမ့်သွားချိန် ကျွန်တော်တို့အသင်း ကလပ်ကမ္ဘာ့ဖလားချန်ပီယံမဖြစ်လာတော့ဘူးဆိုတာ အချက်အလက်တစ်ခု မဟုတ်တော့ဘဲ ခြေစွမ်းပိုင်းကောင်းမွန်ပေမယ့် ရှုံးနိမ့်ခဲ့တယ်ဆိုတာသာ အချက်အလက်တစ်ခု ဖြစ်လာပါတယ်။ အားလပ်ရက်လည်း မဟုတ်ပါဘူး။ ပြိုင်ပွဲမှာ အကောင်းဆုံးကစားနိုင်ခဲ့ပြီး ရလဒ်မကောင်းလို့ ကျွန်တော် စိတ်ပျက်ခဲ့ပါတယ်။
လေ့ကျင့်ရေးမှာလည်း ကောင်းမွန်သလို ကစားသမားတွေကိုယ်တိုင်လည်း ပျော်ရွှင်ခဲ့ကြပါတယ်။ ကျွန်တော်တို့တွေ ညစာအတူစားကြပြီး အခုရာသီ၊ ဘာတွေဖြစ်လာမလဲဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။ ပြီးတော့ ဒီပုံစံကောင်းကိုဆက်ထိန်းထားဖို့ လိုလားခဲ့ပါတယ်။
ဒါပေမဲ့ ဒီနောက်ပိုင်းမှာ ကျွန်တော်က ပက်ပ်လင်ဒါစ်၊ ဂျိမ်းစ်ဖရန့်၊ အက်စ်တီအာတီ၊ ဟူဂိုဗီယာနာ၊ ဘီဂီရီစတိန်းတို့နဲ့ ဆွေးနွေးခဲ့ပါတယ်။ ပြီးတော့ အပြောင်းအလဲတစုံတရာ ရှိလာခဲ့ပါတယ်။ ဒါက ကျွန်တော်တို့အသင်း ချန်ပီယံဖြစ်လာမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ရှစ်ပွဲဆက်အနိုင်ရလဒ်နဲ့အတူ ချန်ပီယံပြေးလမ်းပေါ်မှာရှိနေတဲ့အသင်းတစ်ခုအဖြစ် အသိအမှတ်ပြုခံရဖို့ ဖြစ်လာပါတယ်။ ကျွန်တော်တို့ တိုးတက်လာနိုင်သေးသလား? သေချာပေါက်တိုးတက်လာနိုင်ပါတယ်။ ဒါပေမဲ့ ဒီစိတ်ပိုင်းဆိုင်ရာခံယူချက်က ပိုကောင်းပါတယ်”လို့ ပြောပါတယ်။