ထိပ်တန်းအဆင့်ဆီ မန်စီးတီးအသင်း ပြန်လည်ရောက်ရှိလာနိုင်တယ်လို့ ပြောခဲ့တဲ့ ပက်ဂွါဒီယိုလာ
လတ်တလောကာလတွေအတွင်း စိုးရိမ်စရာကျဆင်းမှုတွေနဲ့အတူ ရုန်းကန်နေရတဲ့ မန်စီးတီးအနေဖြင့် အသင်းရဲ့ထိပ်တန်းကစားသမားအားလုံး ပြန်ကစားပေးနိုင်မယ်ဆိုရင် မကြာမီကာလအတွင်း အမြင့်ဆုံးအဆင့်ဆီ ပြန်လည်တက်လှမ်းနိုင်လိမ့်မယ်လို့ ပက်ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ်လက်ရှိချန်ပီယံတွေက ပြိုင်ပွဲစုံနောက်ဆုံးခုနစ်ပွဲမှာ ခြောက်ပွဲအထိ ရှုံးနိမ့်ပြီး အမှတ်ပေးဇယားဦးဆောင်သူလီဗာပူးနဲ့ ၁၁ မှတ်အထိ ကွာဟနေပါတယ်။ ဒါက ပြီးခဲ့တဲ့ဘောလုံးရာသီခုနစ်ခုမှာ လေးကြိမ်ဆက်ချန်ပီယံဖြစ်မှုအပါအဝင် ပရီးမီးယားလိဂ်ချန်ပီယံဆုခြောက်ကြိမ်အထိ ရယူနိုင်ခဲ့တဲ့ အသင်းအတွက် သာမန်ထက်ထူးကဲတဲ့ ပြိုလဲမှုတစ်ခု ဖြစ်ပါတယ်။
ဒီည၊ နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ရှိနေတဲ့ ပက်ဂွါဒီယိုလာက မန်စီးတီးအသင်းရဲ့ကျဆုံးမှုတွေဟာ အဆုံးစွန်အထိ မရောက်ရှိသေးဘူးလို့ ယုံကြည်ထားကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။
အင်္ဂါနေ့သတင်းမီဒီယာတွေ့ဆုံမှုမှာ သူက “အခုဘောလုံးရာသီမှာ အသင်းလူစာရင်းပိုင်းရာနှုန်းပြည့် ပြန်လည်ရရှိမယ်ဆိုရင် ပြီးခဲ့တဲ့ရာသီ၊ ကျွန်တော်တို့ရောက်ရှိခဲ့တဲ့အဆင့်အတန်းမျိုးဆီ ပြန်လည်ချဉ်းကပ်လာနိုင်ပါလိမ့်မယ်”လို့ ပြောပါတယ်။ မန်ချက်စတာအခြေစိုက်ကလပ်က အခုဘောလုံးရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ရိုဒရီလို ဘော်လွန်းဒီအော်ဆုရှင်ကစားသမားကို လက်ကျန်ဘောလုံးရာသီကာလတစ်ခုလုံးအတွက် ဆုံးရှုံးခဲ့ရပါတယ်။
ကိုင်လ်ဝေါ်လ်ကာ၊ ဂျက်ဂရီးလစ်ရှ်၊ ဒီဘရိုင်း၊ ကိုဗာဆစ်နဲ့ ရူဘင်ဒီယက်စ်တို့ အပါအဝင် လက်ကျန်ကစားသမားတွေကလည်း ဒဏ်ရာပြဿနာတွေနဲ့အတူ အချိန်ကာလတစ်ခုကို ရုန်းကန်ဖြတ်သန်းခဲ့ရပါတယ်။ ဆက်လက်ပြီး ပက်ဂွါဒီယိုလာက ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ အန်ဖီးလ်ကွင်းပွဲစဉ်မှာ နှစ်ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့် မန်စီးတီးအသင်းစွမ်းဆောင်ရည် ကောင်းမွန်ခဲ့တယ်လို့ သတ်မှတ်ခဲ့ပါတယ်။
သူက “ပြောရမယ်ဆိုရင် ကျွန်တော်တို့တွေက ပရီးမီးယားလိဂ်အမှတ်ပေးဇယားဒုတိယနေရာမှာ ရှိနေတဲ့အသင်းနဲ့ အမှတ်ကွာဟမှု မကြီးမားပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ကစားပုံ၊ တိုက်စစ်ခံစစ်စွမ်းဆောင်ရည်တည်ငြိမ်မှုအပိုင်းတွေက အနာဂတ်မှာဖြစ်ပေါ်လာမယ့် အရာတွေနဲ့ပတ်သက်လို့ အပေါင်းလက္ခဏာဆောင်တဲ့ အတွေးအမြင်တွေကို ပေးစွမ်းနိုင်ပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။
လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်းလူစာရင်းပိုင်းအင်အားဖြည့်တင်းဖို့ ရှိ၊မရှိနဲ့ပတ်သက်ပြီး အသင်းတာဝန်ရှိသူတွေအကြား တီးတိုးဆွေးနွေးမှုတွေ ရှိပါလိမ့်မယ်လို့ ပက်ဂွါဒီယိုလာက ပြောခဲ့ပါတယ်။ အလားတူ ပြီးခဲ့တဲ့သီတင်းပတ်၊ ဖီယင်နုနဲ့ တစ်ဖက်သုံးဂိုးစီသရေကျတဲ့ပွဲစဉ်အတွင်း အမှားတစ်ခု ကျူးလွန်ပြီးနောက် လီဗာပူးနဲ့ပွဲစဉ်မှာ အရန်ခုံထိုင်ခဲ့ရတဲ့ ဂိုးသမားအီဒါဆန်ဟာ သူ့ရဲ့နံပါတ်တစ်ဦးစားပေးဂိုသမားအဖြစ် ဆက်ရှိနေလိမ့်မယ်လို့ ပက်ဂွါဒီယိုလာက အတည်ပြုပေးခဲ့ပါတယ်။
ဘရာဇီးလက်ရွေးစင်ဂိုးသမားဘက်ကလည်း အခုဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ကျေကျေနပ်နပ်တုံ့ပြန်ခဲ့ပါတယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။ “အီဒါဆန်က နံပါတ်တစ်၊ အော်တေးဂါးက နံပါတ်နှစ်ပါပဲ။ ဒါပေမယ့် အသင်းဂိုးပေါက်မှာ အော်တေဂါး ဆက်ရှိနေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နောက်ပွဲစဉ်တွေမှာ ဘာတွေဆက်ဖြစ်လာမလဲ ကျွန်တော်တို့ စောင့်ကြည့်သွားရပါမယ်”လို့ ပက်ဂွါဒီယိုလာက ပြောပါတယ်။
ဆက်လက်ပြီး ပက်ဂွါဒီယိုလာက သူတို့အသင်းနဲ့တစ်မှတ်အကွာ၊ အမှတ်ပေးဇယားဆဋ္ဌမနေရာမှာရှိနေတဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ရင်ဆိုင်ရချိန် အသင်းကို အပြည့်အဝထောက်ခံအားပေးကြဖို့ အိမ်ကွင်းပရိသတ်တွေဆီ တိုက်တွန်းသွားခဲ့ပါတယ်။ ပက်က “ကျွန်တော်တို့အတူတကွဖြတ်သန်းခဲ့ဖူးတဲ့ အခိုက်အတန့်ကောင်းတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့အားလုံး၊ အထူးသဖြင့် ကစားသမားတွေဟာ လူသားတွေဖြစ်တာကြောင့် ပရိသတ်တွေရဲ့ပြီးပြည့်စုံတဲ့ထောက်ခံအားပေးမှုကို ကျွန်တော်တို့တွေ လိုအပ်နေတယ်ဆိုတာ သူတို့ သိကြပါတယ်”လို့ ဆိုပါတယ်။