The network connection is lost.

Banner Image

မန်စီးတီးစတားစာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ ဂွါဒီယိုလာ အတည်ပြု

ပြိုင်ဘက်အသင်းတွေက စိတ်ဝင်စားနေပေမယ့် မန်စီးတီးစတား ဆာဗင်ဟိုတစ်ယောက် အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပြီလို့  ဂွါဒီယိုလာက အတည်ပြုလိုက်ပါတယ်။ နွေရာသီတစ်လျှောက်လုံး တော့တင်ဟမ်အသင်းက အသည်းအသန်ချိတ်ဆက်ခဲ့ပေမယ့်လည်း ဘရာဇီးသားက စီးတီးမှာ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာက စီးတီးဟာ ဆာဗင်ဟိုကိုအသင်းမှာဆက်ရှိနေစေချင်တယ်ဆိုတာ ရှင်းလင်းနေခဲ့တယ်လို့ ဆိုပါတယ်။  ဘရာဇီးသးဟာ ပြီးခဲ့တဲ့နှစ်တုန်းက စီးတီးအသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ “ကျွန်တော်တို့ သူ့ကိုအသင်းမှာဆက်ထိန်းချင်ခဲ့တယ်ဆိုတာ ရှင်းလင်းခဲ့ပါတယ်။ အဲ့တာက တော့တင်ဟမ်အသင်းဘက်က ကမ်းလှမ်းမှုအပေါ်မှာ မူတည်ခဲ့တာပါ။ သူတို့ကမ်းလှမ်းမှု မလုံလောက်ခဲ့တာကြောင့် ထင်ပါတယ်။

ဒါပေမယ့် မှန်ပါတယ်။ သူ့အသက်အရွယ်အရ မနှစ်ကရာသီမှာ မိနစ်အများကြီးကစားခွင့်ရခဲ့ပါတယ်။ သူက တောင်ပံ ၂ ဖက်စလုံးမှာကစားနိုင်ပါတယ်။ သူ့ရဲ့ပြေးအားက မယုံကြည်နိုင်စရာပါ။ ဒါကြောင့် သူက တကယ်ကောင်းတဲ့ကစားသမားပါ”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။ 

သတင်းတွေအရ စီးတီးဟာ တော့တင်ဟမ်ထံ ဆာဗင်ဟိုကို မရောင်းချခဲ့ဘူးလို့ သိရပါတယ်။ တော့တင်ဟမ်ဘက်က ပေါင် ၄၂ သန်းနဲ့ကမ်းလှမ်းခဲ့ပေမယ့် ပေါင် ၆၇ သန်းအထိ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အဆိုပါအနေအထားအရ စီးတီးဟာ မှန်ကန်တဲ့တန်ကြေးမျိုးရမှသာ ရောင်းချမယ့်အနေအထားမျိုးအထိ ပြင်ဆင်လာခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။

စီးတီးတောင်းဆိုတဲ့ပမာဏဟာ ဆာဗင်ဟိုကို လွန်ခဲ့တဲ့ ၁၂ လတုန်းကခေါ်ယူခဲ့တာထက် ၂ ဆနီးပါးဖြစ်နေပါတယ်။ သတင်းတွေအရ စီးတီး နဲ့ ဆာဗင်ဟိုတို့ကြား စာချုပ်သက်တမ်းက ၂၀၃၁ အထိ ချုပ်ဆိုမှာဖြစ်ပြီး နောက်ထပ် ၁၂ လသက်တမ်းတိုးခွင့်လည်း ပါရှိတယ်လို့ သိရပါတယ်။ “မကြာခင်မှာ ရီကို နဲ့ နီကိုတို့လည်း သက်တမ်းတိုးနိုင်တော့မှာပါ။ အခုတော့ ဆာဗင်ဟိုက နီးစပ်နေပါပြီ။ ကျွန်တော်တို့အတွက် အကျိုးပြုမယ့်ကစားသမားတွေကို အသင်းမှာဆက်ထိန်းထားချင်ပါတယ်။ နီကိုဆိုလည်း အများကြီးတိုးတက်လာပါတယ်။ အသင်းမှာလည်း သူနေရာရလာသလို အများကြီးလည်း ကျွန်တော်တို့ကိုကူညီပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ဆာဗင်ဟိုကတော့ ဒဏ်ရာကြောင့် ရာသီအစကိုလွဲချော်ခဲ့ပြီး ဘန်လေနဲ့ပွဲမှာမှ သူ့ရဲ့ပထမဆုံးပွဲကိုပါဝင်ခွင့်ရခဲ့ပါတယ်။ ဘရာဇီးသားအနေနဲ့ ကြံ့ခိုင်မှုတည်ဆောက်နေဆဲဖြစ်ကာ လာမယ့်ပွဲစဉ်တွေမှာ အသင်းအတွက် ပါဝင်သွားနိုင်ချေရှိနေပါတယ်။