သောကပတ်လည်ဝိုင်းနေတဲ့ မန်စီးတီးအတွက် သင့်လျော်မယ့်အဖြေကို ထုတ်ပြောလာတဲ့ ပက်ဂွါဒီယိုလာ
အက်စတွန်ဗီလာကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် မန်စီးတီးအသင်းနည်းပြပက်ဂွါဒီယိုလာက သူ့အသင်းရဲ့ဒုက္ခသုက္ခတွေအတွက် အဖြေတစ်ခုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မန်စီးတီးက စနေနေ့ညပိုင်း၊ ဗီလာပတ်ခ်မှာ ရှုံးပွဲကြုံပြီးနောက် ပြိုင်ပွဲစုံ ၁၂ ပွဲကစား၊ ကိုးကြိမ်မြောက်ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အခုလို ရမှတ်တွေဆုံးရှုံးမှုနဲ့အတူ စိတ်ပျက်စရာကောင်းတဲ့အခိုက်အတန့်ကို ဖြတ်သန်းနေရချိန်မှာပဲ ပက်ဂွါဒီယိုလာက ဒဏ်ရာပြဿနာတွေ လျော့နည်းကျဆင်းလာမယ်ဆိုရင် သူတို့အသင်းရဲ့ကံကြမ္မာ ပိုကောင်းလာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ တကယ်တော့ အဲ့ဒီပွဲစဉ်မှာ ဂျွန်စတုန်းစ်က ဒဏ်ရာဟောင်းပြန်ပေါ်လာခဲ့လို့ ဒုတိယပိုင်းပွဲချိန်တွေကို ဆက်မကစားနိုင်ခဲ့ပါဘူး။
BBC Match of the Day အစီအစဉ်မှာ ပက်ဂွါဒီယိုလာက “ဒီလိုကိစ္စတွေ ဖြစ်လာနိုင်သလို မဖြစ်လာနိုင်တာမျိုးလည်း ရှိပါတယ်။ ကစားသမားတွေ ပြန်လာနိုင်မယ်ဆိုရင်ပဲ အဖြေရရှိပါပြီ။ ကျွန်တော်တို့မှာ ဗဟိုခံစစ်မှူးတစ်ဦးတည်းပဲ ကျန်ရှိပါတော့တယ်။ ဒီအခြေအနေက ခက်ခဲလွန်းပါတယ်။ ကျွန်တော်တို့တွေ လာမယ့်ပွဲစဉ်မှာ နောက်ထပ်အခွင့်အရေးတစ်ခုအတွက် ကြိုးစားသွားရပါလိမ့်မယ်။ ဒီထက်ပိုပြီးတော့လည်း အများကြီးမတွေးမိထားပါဘူး”လို့ ပြောပါတယ်။
ဂျွန်စတုန်းစ်ရဲ့ဒဏ်ရာနဲ့ပတ်သက်လို့လည်း ပက်ဂွါဒီယိုလာက “ပထမပိုင်းပွဲချိန်အတွင်းမှာ ကျွန်တော်တို့တွေ အရမ်းကောင်းမွန်အောင် ကစားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ကျွန်တော်တို့ ကျဆင်းသွားခဲ့ပါတယ်။ ဂျွန်စတုန်းစ်ဆက်မကစားနိုင်တော့လို့ ကျွန်တော်တို့ရဲ့ဖိအားပေးကစားဟန်ကို ပြောင်းလဲခဲ့ရပါတယ်။ အက်စတွန်ဗီလာအသင်းကို ဂုဏ်ပြုပါတယ်”လို့ TNT Sports သတင်းဌာနဆီ ရှင်းလင်းပြောကြားခဲ့ပါတယ်။
မန်စီးတီးက ဂျွန်စတုန်းစ်အပြင် အော်စကာဘော့ဘ်၊ နသန်အကီ၊ ရူဘင်ဒီယက်စ်နဲ့ ၂၀၂၄ ဘော်လွန်းဒီအော်ဆုရှင် ရိုဒရီတို့ကို ဒဏ်ရာပြဿနာကြောင့် လက်လွှတ်ထားရပါတယ်။ ဒီကစားသမားတွေ ပြန်လာနိုင်မယ်ဆိုရင်တော့ ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးဝါးဆုံးအခိုက်အတန့်တွေဆီ ရောက်ရှိနေတဲ့ မန်စီးတီးအတွက် အသက်ရှုချောင်စရာဖြစ်လာပါလိမ့်မယ်။ လတ်တလောမှာတော့ သူတို့ရဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုကာကွယ်နိုင်ရေးမျှော်လင့်ချက်က ပြီးဆုံးသွားပြီလို့ ယူဆနိုင်စရာရှိပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၆ နေရာဆီရောက်ရှိသွားတဲ့ မန်စီးတီးက လာမယ့်ကြာသပတေးနေ့မှာ ရုန်းကန်နေရတဲ့အဲဗာတန်နဲ့ ရင်ဆိုင်ကစားသွားရပါမယ်။ လက်ရှိမှာ ပက်ဂွါဒီယိုလာရဲ့အသင်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူလီဗာပူးထက် နှစ်ပွဲပိုကစား၊ ကိုးမှတ်အကွာမှာ ရပ်တည်နေပါတယ်။