နှလုံးရောဂါကြောင့် ဘောလုံးကစားသမားဘဝမှ အနားယူဖို့စီစဉ်နေတဲ့ အော်စကာ
ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့်ဟောင်း အော်စကာဟာ ယခုတစ်ပတ်အတွင်း ဆေးမှတ်တမ်းတွေအရ နှလုံးရောဂါဖြစ်ပွားနေကြောင်း ရှာဖွေတွေ့ရှိခဲ့တာကြောင့် အသက်-၃၄ နှစ်အရွယ်မှာပဲ ဘောလုံးကစားခြင်းမှ အနားယူဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ အော်စကာဟာ ချဲလ်ဆီးအသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးလို့ ယူဆလို့မရပေမယ့် တစ်ချိန်က အသင်းရဲ့ကွင်းလယ်မှာ ထူးချွန်တဲ့အရည်အချင်းတွေနဲ့ ကမ္ဘာ့အဆင့်ခြေစွမ်းတွေပြသနိုင်ခဲ့တာကြောင့် ပရိသတ်အချစ်တော်ကစားသမားတစ်ဦးအဖြစ်တော့ လက်ခံရမယ့်သူဖြစ်ပါတယ်။
ဒါကြောင့် ဘရာဇီးသားအနေနဲ့ ယခုတစ်ပတ်အတွင်းရှာဖွေတွေ့ရှိခဲ့တဲ့ နှလုံးရောဂါကြောင့် ဘောလုံးလောကမှအနားယူမယ်ဆိုပါက အချို့ချဲလ်ဆီးပရိသတ်တွေအတွက် စိတ်မကောင်းစရာသတင်းတစ်ခုဖြစ်လာဖို့ရှိပါတယ်။ လောလောဆယ်မှာ အော်စကာဟာ မွေးရပ်မြေဘရာဇီးနိုင်ငံရဲ့ကလပ်အသင်းတစ်ခုဖြစ်တဲ့ ဆာအိုပေါ်လိုမှာ ကစားနေတာဖြစ်ပြီး ကျန်းမာရေးကြောင့် ဆေးကုသမှုခံယူနေရပါတယ်။
အော်စကာရဲ့နှလုံးရောဂါနဲ့ပတ်သက်ပြီး တိကျတဲ့သတင်းအချက်အလက်တွေတော့ ထွက်ပေါ်ထားခြင်းမရှိသေးပေမယ့် ဘရာဇီးနိုင်ငံသတင်းတွေအရ ကစားသမားဟာ နေမကောင်းဖြစ်ရာမှာ ဆာအိုပေါ်လိုရှိ အဲဘတ်အိုင်းစတိုင်းဆေးရုံသွားသွားရောက်စစ်ဆေးခဲ့ပြီး နှလုံးပြဿနာတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ချဲလ်ဆီးကြယ်ပွင့်ဟောင်းဟာ ဘောလုံးကစားခြင်းမှအနားယူပြီး ကျန်းမာရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေလုပ်ဆောင်ဖို့ အာရုံစိုက်သွားနိုင်ပါတယ်။ဒါ့အပြင် ရောဂါပြင်းထန်ပါက အော်စကာအနေနဲ့ ဘောလုံးကစားခြင်းမှ အပြီးအပိုင်ရပ်နားရဖွယ်ရှိတာကြောင့် ပရော်ဖက်ရှင်နယ်ဘောလုံးလောကကို အသက်-၃၄ နှစ်အရွယ်နဲ့ပဲ လက်ပြနှုတ်ဆက်သွားရတော့မှာဖြစ်ပါတယ်။