The network connection is lost.

Banner Image

ပွဲဦးထွက်မှာ အိုဆာဆူနာပရိသတ်တွေရဲ့ ပစ်မှတ်ထားလှောင်ပြောင်ခြင်းကိုခံခဲ့ရတဲ့ ဂရင်းဝုဒ်

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက်မှ ဂီတာဖေးသို့ အငှားစာချုပ်နဲ့ ပြောင်းရွှေခဲ့တဲ့ ဂရင်းဝုဒ်ဟာ ယမန်နေ့ညက အိုဆာဆူနာနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် စတင်ပါဝင်ခဲ့ရာ အိုဆာဆူနာပရိသတ်တွေရဲ့ ပစ်မှတ်ထားလှောင်ပြောင်မှုကိုခံခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ အိုဆာဆူနာကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဂီတာဖေးကစားသမားဘဝ ပထမဆုံးပွဲဦးထွက်အဖြစ် ပွဲကစားချိန် ၇၇ မိနစ်မှာ လူစားထိုးဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်မှာ ၁၈ လကြာ ဆိုင်းငံ့ခံခဲ့ရပြီးနောက် ဂီတာဖေးသို့ အငှားစာချုပ်နဲ့ပြောင်းရွှေ့လာခဲ့တဲ့ အင်္ဂလန်သားဟာ ယခုအခါ ၎င်းရဲ့အသင်းသစ်အတွက်ပွဲဦးထွက်ကို စပိန်မြေမှာစတင်နိုင်ခဲ့ပြီဖြစ်ပါတယ်

သို့သော် ဂရင်းဝုဒ်ရဲ့ပွဲဦးထွက်ဟာ အေးအေးချမ်းချမ်းမဖြစ်ခဲ့ဘဲ လူစားဝင်လာတဲ့အချိန်ကတည်းက အိုဆာဆူနာပရိသတ်တွေရဲ့ ပစ်မှတ်ထားလှောင်ပြောင်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ အက်သလက်တစ်ရဲ့အဆိုအရ အိုဆာဆူနာ ပရိသတ်များဟာ “ဂရင်းဝုဒ်သေပါစေ” ဆိုတဲ့စာသားကို သံပြိုင်ရွတ်ဆိုခဲ့ပြီး အသက် ၂၁ နှစ်အရွယ် ကစားသမားကို လှောင်ပြောင်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

အဓမ္မကျင့်ရန်ကြိုးပမ်းမှု၊ ကိုယ်ထိ‌လက်ရောက်ကျူးလွန်မှု၊ နှိပ်စက်ညှင်းပန်းမှုတွေနဲ့ စွဲချက်တင်ခံခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကတည်းက ယူနိုက်တက်ရဲ့ဆိုင်းငံ့ခြင်းကိုခံခဲ့ရတာကြောင့် ပွဲထွက်ကစားခွင့်မရရှိခဲ့ တဲ့ဂရင်းဝုဒ်ဟာ ယခုအခါမှာတော့ ဂီတာ‌ဖေးသို့ ရောက်ရှိနေပြီဖြစ်ပြီး ယမန်နေ့ညကပဲ လူစားဝင် ကစားသမားအဖြစ် စတင်ပွဲထွက်ကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

Crown Prosecution Serviceက ဂရင်းဝုဒ်မှာ အပြစ်မရှိကြောင်း ရှာဖွေတွေ့ရှိပြီးနောက် စွဲချက်အားလုံးကို ဖေဖော်ဝါရီလမှာ  ရုပ်သိမ်းလိုက်ပြီးဖြစ်သော်လည်း ယူနိုက်တက်က အသင်းအတွင်း စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်ပြီးနောက် အငှားချဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဂရင်းဝုဒ်ရဲ့ဂီတာဖေးကစားသမားဘဝပွဲဦးထွက်ဟာ အဖွင့်လှခဲ့ပြီး ၎င်းစတင် ဝင်ရောက်လာချိန်မှာ ဂီတာဖေးက ၂-၂ နဲ့သရေကျနေသော်လည်း ပွဲအပြီးမှာတော့ ၃-၂ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ယခုနိုင်ပွဲဟာ ဒီရာသီ စပိန်လာလီဂါအမှတ်ပေးပြိုင်ပွဲမှာ ဂီတာဖေးအတွက် ဒုတိယမြောက်နိုင်ပွဲဖြစ်လာခဲ့ပြီး နောက်အပတ်မှာတော့ ရီးရဲလ်ဆိုစီဒက်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။