ဝေဖန်မှုတွေအကြား မာဆေးလ်သို့ပြောင်းရွှေ့ဖို့ သဘောတူညီမှုရခဲ့တဲ့ ဂရင်းဝုဒ်
ကလပ်ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကိုကြုံတွေ့ခဲ့ရပေမယ့် မာဆေးလ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အပယ်ခံကစားသမားလေး မေဆင်ဂရင်းဝုဒ်ကို ခေါ်ယူဖို့ သဘောတူညီမှုတစ်ရပ်ရရှိခဲ့ပြီလို့သိရပါတယ်။
The Athletic ရဲ့အဆိုအရ အသက်-၂၂ နှစ်အရွယ်ကစားသမားဟာ ဆေးစစ်မှုခံယူဖို့နဲ့ လီဂူးဝမ်းဝတ်စုံအတွက် လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေသေးသော်လည်း အပြောင်းအရွှေ့ပြုလုပ်ဖို့ကိစ္စကို လျင်လျင်မြန်မြန်ပဲဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ သတင်းတွေအရ အင်္ဂလန်သားဟာ ပြင်သစ်လီဂူးကလပ်သို့ပြောင်းရွှေ့ဖို့ နှုတ်အားဖြင့် သဘောတူညီမှုရထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရာသီက ဂီတာဖေးသို့ အငှားနဲ့သွားရောက်ကစားပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဂရင်းဝုဒ်ကို အီတလီစီးရီးအေကလပ် လာဇီယိုအပါအဝင် စပိန်ကလပ်တွေက စိတ်ဝင်စားခဲ့ကြပြီး ပြောင်းရွှေ့ပေါင် ၂၃ သန်းနဲ့အပြီးသတ်ခေါ်ယူဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါ့အပြင် စာချုပ်အရ ယူနိုက်တက်အနေနဲ့ အနာဂတ်မှာ ကစားသမားကိုရောင်းချမှုမှ ရရှိလာမယ့် တန်ကြေးရဲ့ ၅၀ ရာခိုင်နှုန်းအထိ အကျိုးခံစားခွင့်ရှိနေတာကြောင့် ဂရင်းဝုဒ်ကို အပြီးသတ်ရောင်းချဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ဒါကြောင့် အိုးလ်ထရက်ဖို့ဒ်မှာမှာ ၁၇ နှစ်ကြာနေထိုင်ခဲ့တဲ့ ဂရင်းဝုဒ်ရဲ့ ယူနိုက်တက်ကစားသမားဘဝဟာ ယခုအခါမှာတော့ အဆုံးသတ်သွားဖို့သေချာသလောက်ဖြစ်နေပါတယ်။
ဂရင်းဝုဒ်အနေနဲ့ မာဆေးလ်သို့သာ ပြောင်းရွှေဖို့ ဖြစ်နိုင်ချေအရှိဆုံးဖြစ်နေသော်လည်း ကလပ်ရဲ့ပရိသတ်တွေကတော့ ကစားသမားကို ကြိုဆိုခြင်းမရှိကြောင်း ပေါ်ပေါ်ထင်ထင်ပဲကန့်ကွက်လာခဲ့ကြပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာ ကစားသမားရဲ့ အတိတ်ကပြုလုပ်ခဲ့မိတဲ့ အဓမ္မကျင့်ရန်ကြိုးပမ်းမှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ အကြမ်းဖက်မှုတွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးကတည်းက ယူနိုက်တက်အတွက် ကစားခွင့်မရခဲ့တဲ့ ဂရင်းဝုဒ်အနေနဲ့ ယခုအခါမှာတော့ ပြင်သစ်ကိုရောက်ရှိဖို့ အလားအလာများနေပါတယ်။ ပရိသတ်တွေရဲ့ ထောက်ခံမှုမရတာကြောင့် ဂရင်းဝုဒ်အနေနဲ့ မာဆေးလ်မှာ အခက်အခဲတွေနဲ့ကြုံတွေ့ရနိုင်ချေရှိသော်လည်း အသင်းနည်းပြ ရော်ဘတ်တိုဒီဇာဘီကတော့ လူငယ်ကစားသမားကို ကျောထောက်နောက်ခံပေးသွားမယ်လို့ ဆိုပါတယ်။
ဒီဇာဘီက “ကျွန်တော်ပြောနိုင်တာတစ်ခုကတော့ ကျွန်တော်အလုပ်လုပ်နေတဲ့ကလပ်ကို ရောက်လာတဲ့ ဘယ်ကစားသမားကိုမဆို ကျွန်တော့်အနေနဲ့ ကိုယ့်ရဲ့ကလေးတစ်ယောက်လို သတ်မှတ်ပါတယ်။ ပြဿနာက ဘယ်လောက်ပဲကြီးကြီး ဘယ်လောက်ပဲသေးသေး တတ်နိုင်သလောက် ကာကွယ်ပေးသွားမှာပါ။ လူကွယ်ရာမှာ နားရွက်ဆွဲပြီး ဆုံးမရင်ဆုံးမပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ကစားသမားတွေက ကျွန်တော့်ရဲ့သားတွေလိုပါပဲ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။