လျှပ်စစ်စက်ဘီးမှောက်ပြီး လေထဲကို ၁၀ ပေလောက်မြင့်တက်ခဲ့ပေမယ့် ပွန်းပဲ့ရုံလောက်သာဒဏ်ရာရခဲ့လို့ ကံကောင်းတယ်လို့ ဝန်ခံလာတဲ့ ဂေါ်ဒွန်
အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမား အန်တိုနီဂေါ်ဒွန်က သူ့အနေနဲ့ လျှပ်စစ်စက်ဘီးမှောက်ပြီး လေထဲကို ၁၀ ပေလောက်မြင့်တက်ခဲ့ပေမယ့် ပွန်းပဲ့ရုံလောက်သာဒဏ်ရာရခဲ့လို့ ကံကောင်းတယ်လို့ ဝန်ခံလာခဲ့ပြီး လာမယ့် ဆလိုဗက်ကီးယားနဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပါက စက်ဘီးကိုမလဲအောင်အကူညီပေးနိုင်တဲ့ အကူပစ္စည်းတွေကိုအသုံးပြုပြီး အောင်ပွဲခံသွားမယ်လို့ပြောကြားလာခဲ့ပါတယ်။
တောင်ပံကစားသမားဟာ ယခုတစ်ပတ်အတွင်း အသင်းရဲ့အခြေစိုက်စခန်းရှိရာကို လျှပ်စစ်စက်ဘီးနဲ့သွားခဲ့ရာမှာ မတော်တဆဖြစ်ခဲ့ပြီး စက်ဘီးရဲ့လက်ကိုင်ကိုကျော်ကာ ပြုတ်ကျခဲ့ပေမယ့် ကြီးကြီးမားမား ဒဏ်ရာမရခဲ့ပါဘူး။ ကစားသမားဟာ မေးစေ့၊ ခြေထောက်နဲ့ လက်တွေမှာ ပွန်းပဲ့ဒဏ်ရာအနည်းငယ်သာရရှိခဲ့တာကြောင့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် ဆလိုဗက်ကီးယားနဲ့ ၁၆ သင်းအဆင့်ပွဲစဉ်မှာ ပါဝင်ကစားဖို့ အခြေအနေကောင်းတယ်လို့သိရပါတယ်။
ယခုအခါမှာတော့ ဂေါ်ဒွန်က သူ့အနေနဲ့ ကြီးကြီးမားမားဒဏ်ရာမရခဲ့လို့ ကံကောင်းတဲ့အကြောင်းကို "တောင်ကုန်းတစ်ခုပေါ်ကနေ အရှိန်နဲ့ဆင်းတဲ့အချိန်မှာ ဖြစ်ခဲ့လို့ ဒီလောက်ပဲဒဏ်ရာရတာက ကံကောင်းပါတယ်။ တကယ်ဆို အဲဒီနေရာမှာတင် အဆုံးသတ်သွားနိုင်ပါတယ်။ ကျွန်တော်က မြက်ခင်းတွေဝိုင်းထားတဲ့ ကျောက်စရစ်ပုံပေါ်ကို ကျခဲ့ပြီး အခြေအနေမကောင်းရင် ဒီထက်ပိုကံဆိုးသွားနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အသက်-၂၃ နှစ်အရွယ်ကစားသမားက "တကယ်တော့ အဲဒီနေ့က ချစ်စရာကောင်းတဲ့နေ့လေးပါ။ ကျွန်တော်က ကျွန်တော့်မိသားစုကို ဒီမှာ ဘာတွေလုပ်နေတယ်ဆိုတာ ပြဖို့ ဖုန်းနဲ့ ဗီဒီယိုရိုက်နေခဲ့တာပါ။ ဒါပေမယ့်ရုတ်တရက်ပဲ ကျွန်တော့်ခေါင်းက မြေကြီးနဲ့မိတ်ဆက်သွားပါတယ်။ ကျွန်တော်စီးခဲ့တာ လျှပ်စစ်စက်ဘီးဆိုတော့ သာမန်စက်ဘီးထက်ပိုမြန်ပါတယ်။ ပြီးတော့ စက်ဘီးတွေက အင်္ဂလန်မှာဆိုရင် ရှေ့ဘရိတ်က ညာဘက်မှာရှိတာလေ။ ဒါကြောင့် ကျွန်တော်လည်း ဘယ်ဘက်ဘရိတ်ကိုညှစ်ပြီး အရှိန်လျှော့လိုက်မိတယ်။ ခဏနေတော့ စက်ဘီးက အရှိန်မလျော့ဘဲ တစ်ခါတည်းရပ်သွားပါတယ်။ ပြီးတော့ ကျွန်တော်လည်း လေထဲကို ၁၀ ပေလောက်မြင့်တက်သွားပြီး မေးစေ့နဲ့နဲ့ပြုတ်ကျသွားတယ်" "တကယ်တော့ ဒါက ဖုန်းကြောင့်ဖြစ်တာပါ။ အောက်ကျတဲ့အထိ ဖုန်းကိုပဲအာရုံစိုက်နေမိခဲ့ပါတယ်။ ဒါကြောင့် ဒီအဖြစ်ရဲ့သင်ခန်းစာက ဖုန်းကို အမြဲလိုလိုမသုံးဘဲ အခြားအချိန်တွေမှာ ပျော်အောင်နေတတ်ရပါမယ်။ ဒီအဖြစ်ကို ဆောက်ဂိတ်သိတော့ သူလည်း အစမှာတော့ သူများတွေလိုပဲ ရယ်တာပေါ့။ ဒါက ကြီးမားတဲ့ မတော်တဆလည်းမဟုတ်တော့ ရယ်စရာအဖြစ်အပျက်တစ်ခုပါပဲ။ ပြီးတော့ ပွဲအတွက်ထိခိုက်ရလောက်တဲ့အထိလည်း မဖြစ်ခဲ့ပါဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ဒုက္ခပေးမိခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဆလိုဗေးနီးယားနဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ်ပါဝင်ခွင့်ရထားတဲ့ဂေါ်ဒွန်အနေနဲ့ ရှုံးထွက် ၁၆ သင်းအဆင့် ဆလိုဗက်ကီးယားနဲ့ပွဲစဉ်မှာလည်း အသင်းအတွက်ပါဝင်ပြီး အကူအညီပေးသွားနိုင်မလား စောင့်ကြည့်ရပါမယ်။