ဘာစီလိုနာဆီ ပြောင်းရွှေ့မှုကြောင့် ဂေါ်ဒွန် ပိုမိုတိုးတက်လာခဲ့တယ်လို့ ဟယ်ရီကိန်းပြောကြား
အင်္ဂလန်အသင်းခေါင်းဆောင်၊ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟယ်ရီကိန်းက ဘာစီလိုနာဆီ ပြောင်းရွှေ့ခဲ့မှုကြောင့် ဂေါ်ဒွန်အတွက် ကောင်းကျိုးတွေ ပိုမိုများပြားလာခဲ့တယ်လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။
စပိန်ကို ၂-၃ ဂိုးဖြင့် အရေးနိမ့်ခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ အင်္ဂလန်အတွက် ပထမဂိုးသွင်းယူပေးခဲ့တဲ့ ဂေါ်ဒွန်က ချက်ကို ၀-၂ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာလည်း နောက်ထပ်ဂိုး ထပ်မံသွင်းယူပြီး အသင်းအတွက် နိုင်ပွဲပြန်လည်ရှာဖွေဖို့ အကောင်းဆုံးကူညီပေးခဲ့ပါတယ်။
ဒီနယူးကာဆယ်ကြယ်ပွင့်ဟောင်းက ပရီးမီးယားလိဂ်နဲ့ဝေးရာအရပ်ဖြစ်တဲ့ စပိန်ထိပ်တန်းလိဂ်မှာလည်း သူ့ရဲ့ဗွေဆော်ဦးပွဲစဉ် ၆ ပွဲမှာတင် ဂိုးဖန်တီးမှုလေးကြိမ် ပြုလုပ်ကာ အကောင်းဆုံးခြေစွမ်း ပြသနေပါတယ်။
ချက်အသင်းနဲ့ပွဲစဉ်မှာလည်း အာနိုးလ်ရဲ့အံ့မခန်းဖြတ်တင်ဘောပေးပို့မှုကို ဂေါ်ဒွန်က ခေါင်းတိုက်သွင်းယူကာ အင်္ဂလန်အတွက် လိုအပ်နေတဲ့နိုင်ပွဲရရှိဖို့ ကူညီပေးခဲ့ပါတယ်။
ဟယ်ရီကိန်းကတော့ ဒီသွင်းဂိုးအကြောင်းနဲ့ အောင်မြင်မှုတွေ ကြီးကြီးမားမားရရှိနေတဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတစ်ခုအပြီး ဂေါ်ဒွန်ဆီမှာ ယုံကြည်မှုအသစ်တွေ ပြည့်နှက်နေတဲ့ပုံစံမျိုး မြင်တွေ့နေရပုံကို ဖွင့်ဟလာပါတယ်။
"အခုလိုမျိုး ကလပ်အသင်းကြီးတစ်ခုဆီ သွားရောက်ကစားတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပိုမိုယုံကြည်မှုနဲ့ ခွန်အားတွေ ပေးစွမ်းနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကိုယ်တိုင်လည်း အကြီးကျယ်ဆုံးစင်မြင့်နဲ့ ထိုက်တန်တယ်လို့ ခံစားရပြီး သူက အဲဒီစိတ်ဓာတ်ကို အင်္ဂလန်အသင်းရဲ့စွမ်းဆောင်ရည်တွေဆီ သယ်ဆောင်လာနိုင်ခဲ့တယ်လို့ ထင်ပါတယ်"
"စနေနေ့၊ စပိန်နဲ့ပွဲစဉ်မှာ ဂေါ်ဒွန် အရမ်းကောင်းခဲ့သလို ဒီနေ့မှာလည်း အလှည့်အပြောင်းကို ဖန်တီးပေးနိုင်သူ ဖြစ်ခဲ့ပါတယ်။ သူက အမြဲတမ်းလိုလို တိုက်ရိုက်ဆန်ဆန် ထိုးဖောက်ကစားဖို့နဲ့ ကျွန်တော်တို့ အသာစီးရရှိအောင် အမြဲကြိုးစားနေသလို သူ့ရဲ့အဆုံးသတ်သွင်းဂိုးလည်း တကယ့်ကိုကောင်းမွန်ခဲ့ပါတယ်။ အာနိုးလ်ရဲ့ပေးပို့မှု အလွန်လှပခဲ့ပေမဲ့ ဒီလိုအဆုံးသတ်မှုမျိုးဆိုတာ မလွယ်ကူလှပါဘူး။ ဂေါ်ဒွန် အကောင်းဆုံး အသုံးချနိုင်ခဲ့ပါတယ်"
"အာနိုးလ်လည်း ထူးချွန်ပြောင်မြောက်ခဲ့ပါတယ်။ ဘောလုံးပေးပို့မှု၊ ဖြန့်ကြက်ပေးပို့နိုင်စွမ်းနဲ့ ဖြတ်တင်ဘောတွေအပြင် ဒီနေ့ခံစစ်ပိုင်းမှာလည်း သူ အလွန်ကောင်းမွန်ခဲ့ပါတယ်။ ထရန့်ကိုယ်တိုင် အာရုံစိုက်ပြီး ဆက်ကြိုးစားသွားဖို့ပဲ လိုပါတယ်" လို့ ဆိုပါတယ်။
ဆက်လက်ပြီး ဂေါ်ဒွန်ကလည်း အာနိုးလ်ကို ချီးကျူးခဲ့ပြီး တိုက်စစ်ပိုင်းအတွက် များစွာအကျိုးပြုနိုင်တဲ့ ဒီညာနောက်ခံလူကို အသင်းမှာ တွေ့မြင်ရလို့ အလွန်ဝမ်းသာမိတယ်လို့ ပြောကြားခဲ့ပါတယ်။
"ကျွန်တော်က အဲဒီလိုပြေးထွက်မှုမျိုးကို အကြိမ်ကြိမ်လုပ်ဆောင်လေ့ရှိပြီး ကစားသမား အနည်းငယ်လောက်မှာသာ အမှားအယွင်းဖြစ်သွားနိုင်ခြေနဲ့ ရင်ဆိုင်ကာ ဒီလိုပေးပို့မှုမျိုး လုပ်ရဲတဲ့ အရည်အချင်း၊ နည်းစနစ်နဲ့ ရဲစွမ်းသတ္တိတွေ ရှိကြတာပါ၊ ဒါကြောင့် အာနိုးလ်ကိုပဲ ချီးကျူးရပါမယ်"
"ဒါကြောင့်ပဲ သူရဲ့ခြေစွမ်းပိုင်း အရမ်းကောင်းနေပြီး ဒီအကြောင်းပြချက်ကြောင့်ပဲ ကျွန်တော်က သူနဲ့ တွဲဖက်ကစားချင်တာပါ" လို့ ဂေါ်ဒွန်က ဆိုပါတယ်။