မန်စီးတီးရဲ့စည်းမျဉ်းချိုးဖောက်မှုစွဲချက်တွေနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှု အလျဉ်းမရှိဘူးလို့ ပြောကြားလိုက်တဲ့ မန်စီနီ
ပရီးမီးယားလိဂ်ထိပ်သီးကလပ်မန်စီးတီးအသင်းရဲ့ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှု တွေ့ရှိချက်တွေနဲ့ပတ်သက်လို့ မန်စီးတီးနည်းပြဟောင်းမန်စီနီက သူ့ရဲ့အမြင်ကို ထုတ်ဖော်ပြောဆိုလာပါတယ်။
ဒါ့အပြင် အီတာလျံလူမျိုးနည်းပြက မန်စီးတီးနည်းပြအဖြစ် တာဝန်ယူခဲ့ချိန်အတွင်း နှစ်ထပ်ကွမ်းစာချုပ်ကို ချုပ်ဆိုခဲ့တယ်ဆိုတဲ့ ကောလာဟလတွေကိုလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒါက ၂၀၀၉-၂၀၁၀ ဘောလုံးရာသီမှ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီအထိ ကစားသမားတွေနဲ့ နည်းပြတွေအတွက် လုပ်ခလစာပေးချေမှုဆိုင်ရာ သတင်းအချက်အလက်အတိအကျတင်ပြဖို့ ပျက်ကွက်တယ်ဆိုတဲ့ စွပ်စွဲချက် ၁၄ မှုအပေါ် အခြေခံထားပါတယ်။
ဒီကာလအတွင်း မန်စီနီက အီတီဟတ်ကွင်းမှာ သုံးနှစ်ခွဲကြာတာဝန်ယူခဲ့ချိန်လည်း ပါဝင်နေပြီး သူ့ရဲ့လက်ထက်မှာ မန်စီးတီးက ၂၀၁၁ အက်ဖ်အေဖလားနဲ့ ၂၀၁၂ ခုနှစ်မှာ မန်စီးတီးအတွက် ၄၄ နှစ်ကြာဝေးကွာနေတဲ့ ထိပ်တန်းလိဂ်ချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။
လတ်တလော အီတလီလက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် တာဝန်ယူခဲ့တဲ့ မန်စီနီက တူရကီနဲ့ကစားရမယ့် နေရှင်းလိဂ်ပွဲစဉ်မတိုင်မီ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မန်ချက်စတာမြေနည်းပြဘဝနဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေကို တုံ့ပြန်ပြောကြားလာပါတယ်။
"ဘာအတွက် အပြစ်ရှိတယ်လို့ တွေ့ရှိတာလဲ? ဒါက ကျွန်တော်နဲ့ သက်ဆိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့လေးငါးနှစ်လုံးလုံး ဒီအကြောင်းကို ဆွေးနွေးပြောဆိုခဲ့ကြလို့ အသစ်အဆန်းလည်း မဟုတ်ပါဘူး"
"မန်စီးတီးမှာ အပြစ်ရှိတယ်ဆိုတာ မတွေ့ရှိရသေးသလို စွပ်စွဲခံထားရတဲ့ နှစ်ထပ်ကွမ်း စာချုပ်ကိစ္စကလည်း ကျွန်တော့်အတွက် စိတ်ပူစရာ မဟုတ်ပါဘူး။ ဒါက သူတို့ရဲ့ကိစ္စသာဖြစ်ပြီး ကျွန်တော့်ကိစ္စ မဟုတ်ပါဘူး" လို့ မန်စီနီက ပြောကြားခဲ့ပါတယ်။