The network connection is lost.

Banner Image

အာမိုရင်ရဲ့ဆက်ဆံပုံအကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ယူနိုက်တက်စတားဟောင်း

ချဲလ်ဆီးတောင်ပံကစားသမား ဂါနာချိုက ယူနိုက်တက်နည်းပြဟောင်း အာမိုရင်ရဲ့ဆက်ဆံပုံဟာ ဘဝမှာအဆိုးဝါးဆုံးအတွေ့အကြုံလို့ ပြောကြားလိုက်ပါတယ်။ကွင်းအတွင်း ကွင်းအပြင်မှာ ပြဿနာတက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီအကုန်တုန်းက အာမိုရင်ဟာ ဂါနာချိုကို အသင်းသစ်ရှာဖွေထားဖို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဂါနာချိုဟာ ယူနိုက်တက်အသင်းကစားသမားတွေထဲမှာ အလားအလာအရှိဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်ပေမယ့် အာမိုရင်လက်အောက်မှာ အဆင်မပြေဖြစ်လာခဲ့တာဖြစ်ပါတယ်။ အာမိုရင်ကိုယ်တိုင်ကလည်း ဂါနာချိုရဲ့ကွင်းပြင်ပလုပ်ရပ်အချို့ကို သဘောမကျဖြစ်နေတယ်လို့ ယုံကြည်နေပါတယ်။ အထူးသဖြင့် ယူရိုပါလိဂ်ဖိုင်နယ်ပွဲအရေးနိမ့်ပြီးနောက် ဂါနာချိုရဲ့အကိုဖြစ်သူက သူ့နည်းစနစ်ကိုမေးခွန်းထုတ်ခဲ့တာနဲ့ပတ်သက်ပြီး ပြဿနာက ပိုဆိုးလာခဲ့ပါတယ်။

နွေရာသီတစ်လျှောက်လုံးမှာလည်း ဂါနာချိုတစ်ယောက် အသင်းနဲ့ပူးပေါင်းခွင့်မရခဲ့သလို တစ်ယောက်တည်းသီးသန့်လေ့ကျင့်ခဲ့ရပါတယ်။ ချဲလ်ဆီးဟာ အာဂျင်တိုင်းသားကို ခေါ်ယူဖို့ ထိပ်ဆုံးကရေပန်းစားခဲ့ပြီး ပေါင်သန်း ၄၀ နဲ့ ခေါ်ယူခဲ့ပါတယ်။ ဂါနာချိုဟာ အသင်းသစ်အတွက် ဂိုးမသွင်းနိုင်သေးပေမယ့် မနေ့ညက ဘင်ဖီကာနဲ့ပွဲမှာ အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

အသက် ၂၁ နှစ်သားက ဘင်ဖီကာကို ၁-၀ နဲ့အနိုင်ရပြီးနောက် အင်တာဗျူးမှာ ယူနိုက်တက်အသင်းတုန်းက အခြေအနေကို ပြောကြားလိုက်ပါတယ်။ “အဲ့မှာရှိတဲ့အချိန်တွေက ခက်ခဲတဲ့အခိုက်အတန့်တွေပါ။ တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းရပါတယ်။ ကျွန်တော့်ဘဝမှာ အဲ့တာက ဆိုးဝါးတဲ့အခိုက်အတန့်ပါ။ ဒါပေမယ့် ကျွန်တော် အခုဒီမှာရှိနေရလို့ အရမ်းပျော်ပါတယ်။ ဒီပြိုင်ပွဲမှာကစားခွင့်ရသလို ဒီနေ့လည်း ၃ မှတ်ပြည့်ရခဲ့ပါတယ်။ ဟုတ်ပါတယ်။ ခင်ဗျားက ငယ်ရွယ်ချိန်မှာ ချန်ပီယံလိဂ်ကစားဖို့ကို အိပ်မက်မက်တတ်ပါတယ်။ အခုတော့ ကျွန်တော်တို့ ဒီမှာရှိနေနိုင်ငလို အရမ်းပျော်ပါတယ်။

အခု ၃ မှတ်က ကြီးမားသလို ပထမဆုံးပွဲအရေးနိမ့်ပြီးနောက် အခု ၃ မှတ်က လိုအပ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အရမ်းပျော်ပါတယ်”လို့ ဂါနာချိုက ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ယခင် ၃ ပွဲမှာ ၂ ပွဲအထိအရေးနိမ့်ထားခဲ့ပြီး ဘင်ဖီကာနဲ့ပွဲမှာမှ နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

“ကောင်လေးတွေရဲ့အားစိုက်ထုတ်မှုက အရမ်းကောင်းပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ဒုတိယပိုင်းတုန်းကထက် ပိုကောင်းတယ်လို့ ထင်ပါတယ်။ ဒုတိယပိုင်းမှာတော့ ခြေစွမ်းကျဆင်းခဲ့ပါတယ်။ နောက်ဆုံး ၂ ပွဲ နဲ့ ၃ ပွဲမှာ ကျွန်တော်တို့ ပေးဂိုး ၂ ဂိုး နဲ့ ၃ ဂိုးလောက်ပေးထားရပါတယ်။ အဲ့လိုဖြစ်နေလို့မရပါဘူး။ ကျွန်တော်တို့ ခံစစ်က ပိုကောင်းလာဖို့ လိုအပ်သလို အခုပွဲကတော့ ပေးဂိုးမရှိတဲ့ပွဲဖြစ်ခဲ့တဲ့အတွက် ကောင်းပါတယ်”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ အခုအပတ်မှာ လက်ရှိချန်ပီယံလီဗာပူးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပါတယ်။ စလော့ရဲ့လီဗာပူးအသင်းဟာ စနေနေ့တုန်းက ပဲလေ့စ်ကိုအရေးနိမ့်ခဲ့သလို မနေ့ညတုန်းကလည်း ဂါလာတာစာရေးအသင်းကို ထပ်မံအရေးနိမ့်ထားခဲ့ပါတယ်။