၂၀၃၀ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားသွားဖို့ အရိပ်အမြွက်ပြောကြားလိုက်တဲ့ လီယွန်နယ်မက်ဆီ
အာဂျင်တီးနားဂန္ထဝင်ကစားသမား လီယွန်နယ်မက်ဆီက ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားဖို့ ရှိကောင်းရှိနိုင်တယ်လို့ အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။
ဩစတြီးယားအသင်းနဲ့ပွဲစဉ်မှာ မက်ဆီက နှစ်ဂိုးသွင်းယူပေးခဲ့တာကြောင့် အာဂျင်တီးနားအသင်းဟာ အုပ်စု (J) ရဲ့ ထိပ်ဆုံးကနေ နောက်တစ်ဆင့် (၃၂ သင်းအဆင့်) ကို တက်ရောက်နိုင်ခဲ့သလို မက်ဆီကိုယ်တိုင်လည်း ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
ရမှတ် ၆ မှတ်ရရှိထားတဲ့ အာဂျင်တီးနားအသင်းဟာ မက္ကဆီကို၊ အမေရိကန်နဲ့ ဂျာမနီအသင်းတွေနဲ့အတူ နောက်တစ်ဆင့်ကို တက်ရောက်သွားပြီဖြစ်ကာ အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီတစ်ယောက် ကမ္ဘာ့ဖလားမှာ ဆက်လက်တောက်ပနေနိုင်ဖို့ မျှော်လင့်နေကြပါတယ်။
ဒီပြိုင်ပွဲမတိုင်ခင် ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ၂၀၃၀ ကမ္ဘာ့ဖလားကျင်းပမယ့်အချိန်မှာ မက်ဆီက အသက် ၄၃ နှစ်ရှိနေပြီဖြစ်လို့ ဒါဟာ သူ့ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားကြတာပါ။
ဒါပေမဲ့ ဒီအပတ်ထဲမှာ ပြောကြားခဲ့တဲ့ စကားတွေအရတော့ သူဟာ အာဂျင်တီးနားအသင်းမှာ ပါဝင်ကစားဖို့ကို ငြင်းဆန်ခြင်းမရှိခဲ့ပါဘူး။ အသက်အရွယ်က အတားအဆီးဖြစ်နိုင်ပေမဲ့ အသင်းဘက်ကတော့ သူ့ကို ပါဝင်စေချင်မှာ သေချာပါတယ်။
"ကျွန်တော်လည်း မသိသေးပါဘူး။ အမှန်အတိုင်းပြောရရင် အခုလောလောဆယ် အဲဒါကို မစဉ်းစားသေးပါဘူး။ အဲဒီအချိန်က နည်းနည်းဝေးသေးတယ်လို့ ထင်ရပေမဲ့ ကျွန်တော်အရင်က ပြောခဲ့သလိုပါပဲ၊ လက်ရှိအခြေအနေကိုပဲ အာရုံစိုက်ပြီး တစ်ရက်ချင်းစီကို အကောင်းဆုံး ဖြတ်သန်းနေပါတယ်" လို့ မက်ဆီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
"ဟုတ်ပါတယ်... ကျွန်တော် အသင်းအတွက် အကျိုးပြုနိုင်သရွေ့၊ ကိုယ်ခန္ဓာပိုင်း ကြံ့ခိုင်မှုရှိနေသရွေ့နဲ့ အသင်းဖော်တွေကို ကူညီပေးနိုင်သရွေ့ နောက်ထပ် အချိန်အတော်ကြာအောင် ဆက်ကစားသွားဦးမှာပါ" လို့လည်း သူက ဆိုပါတယ်။
ဘော်လွန်ဒီအောဆု ရှစ်ကြိမ်တိုင်တိုင် ရရှိထားတဲ့ မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့ အင်တာမိုင်ယာမီအသင်းတို့မှာ အရင်ကထက်တောင် ပိုကောင်းတဲ့ ခြေစွမ်းတွေ ပြသနေတာကြောင့် သူသာ ဆုံးဖြတ်လိုက်မယ်ဆိုရင် ကမ္ဘာ့ဖလားမှာ ဆက်လက်ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။