The network connection is lost.

Banner Image

တစ်တော့ပေါ်တင်ခဲ့တဲ့ ဗီဒီယိုကြောင့် အသင်းနဲ့ပြဿနာ တက်နေသော်လည်း အိုဆီမင်ဟာ နာပိုလီမှာပဲ ဆက်ရှိနေမယ်လို့ ဂါစီယာပြောကြား

နာပိုလီအသင်းရဲ့တိုက်စစ်မှူး ဗစ်တာအိုဆီမင်ရဲ့ အေးဂျင့်က တစ်တော့ပေါ်တင်ခဲ့တဲ့ ကစားသမားရဲ့ဗီဒီယိုတွေကြောင့် အသင်းကို တရားစွဲမယ်လို့ခြိမ်းခြောက်ထားသော်လည်း နည်းပြချုပ် ရူဒီဂါစီယာက နိုင်ဂျီးရီးယားလက်ရွေးစင်ဟာ အသင်းမှာပဲဆက်ရှိနေမယ်လို့ အခိုင်အမာပြောကြားလာခဲ့တာဖြစ်ပါတယ်။
 
ဂါစီယာက ကစားသမားဟာ နာပိုလီမှာ ဆက်နေဖို့ ဆန္ဒရှိနေကြောင်းနဲ့ အခြေအနေတွေတင်းမာနေသော်လည်း အသင်းမှ ထွက်ခွာမှာမဟုတ်ဘူးလို့ ပြောကြားလာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်အိုဆီမင်ဟာ ပြီးခဲ့တဲ့ အူဒီးနီးစ်ကို ၄-၁နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာလည်း အသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ကလပ်အသင်းနဲ့ဆက်ဆံရေး တင်းမာနေတာကြောင့် နိုင်ဂျီးရီးယားသားဟာ ဂိုးသွင်းပြီးနောက် အောင်ပွဲမခံခဲ့ပါဘူး။
 
နာပိုလီဟာ အသင်းရဲ့ တစ်တော့ဆိုရှယ်မီဒီယာမှတစ်ဆင့် အိုဆီမင်ကို လှောင်ပြောင်တဲ့ဗီဒီယိုတွေကို ဝေမျှခဲ့တာကြောင့် ကစားသမားရဲ့ အေးဂျင့်နဲ့ အငြင်းပွားမှုများဖြစ်ပေါ်ကာ တရားဥပဒေအရ အရေးယူခြင်းခံရနိုင်တာဖြစ်ပါတယ်။
 
သို့သော်အသင်းနည်းပြ ဂါစီယာကမူ ကစားသမားဟာ ကလပ်အပေါ်မှာ အာရုံစိုက်နေကြောင်းနဲ့ ၎င်းတို့ နှစ်ဦးအကြားမှာလည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။
 
အူဒီးနီးစ်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ ၎င်းက “ဗစ်တာက ဒီအသင်းရဲ့ ဂျာစီဝတ်ရတာကို ကြိုက်တယ်ဆိုတာ ကျွန်တော်အာမခံပါတယ်။ သူက ကျွန်တော်တို့အသင်းရဲ့ အစီအစဉ်တွေမှာ ၁၀၀ ရာခိုင်နှုန်းအာရုံစိုက်ထားပါတယ်။ ကျွန်တော်နဲ့ သူနဲ့ကြားမှာလည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး ဒီပွဲမှာ သူဂိုးသွင်းယူနိုင်ခဲ့လို့ ပျော်ပါတယ်။ ဘိုလော့ဂ်နာနဲ့ ပွဲမှာတော့ သူပင်နယ်တီလွဲခဲ့လို့ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ပါတယ်။ အသင်းမှာ စီမံခန့်ခွဲဖို့လိုအပ်နေတဲ့ အရာတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်အတွင်း အသင်းမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အသင်းအနေနဲ့ အခုလို အိုဆီမင်ရဲ့ဗီဒီယိုကို တစ်တော့ပေါ်တင်ခဲ့တာက ဘယ်သူ့ကိုမှ ထိခိုက်နစ်နာလိုစိတ်ရှိလို့မဟုတ်ပါဘူး။ ဒါက ဆိုရှယ်မီဒီယာအကောင့်တစ်ခုဖြစ်တာကြောင့် တင်ချင်ရာတင်ကြမှာပါပဲ” လို့ပြောကြားခဲ့ပါတယ်။
 
အဆိုပါ ဗီဒီယိုထဲမှာ အိုဆီမင်ဟာ ပင်နယ်တီကန်ခွင့်ပေးရန်တောင်းဆိုနေခဲ့ကြောင်း ဖော်ပြထားပြီး နောက် ကန်ခွင့်ရရှိခဲ့ပေမယ့် ပင်နယ်တီလွဲချော်ခဲ့တာဖြစ်ပါတယ်။
 
ဗီဒီယိုကြောင့် အသက်-၂၄ နှစ်အရွယ်ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ရော်ဘတ်တို ကာလင်ဒါက ကလပ်အားတရားဥပဒေအရ အရေးယူရန်ခြိမ်းခြောက်ခဲ့ပြီး အင်္ဂါနေ့က တွစ်တာမှတစ်ဆင့် “ယနေ့တစ်တော့မှာ တင်ခဲ့တဲ့ နာပိုလီအသင်းရဲ့ ဗီဒီယိုက လက်ခံနိုင်စရာမရှိပါဘူး။ ဗစ်တာကို လှောင်ပြောင်ခဲ့တဲ့ ဗီဒီယိုကို လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒါကြောင့် ကစားသမားအတွက် အလွန်ဆိုးဝါးတဲ့ ထိခိုက်မှုဖြစ်နိုင်ပြီး သတင်းအမှားတွေကိုပေါ်ပေါက်စေပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဗစ်တာကိုကာကွယ်ဖို့ တရားဥပဒေအရ အရးယူပိုင်ခွင့်တွေကို အစပျိုးခွင့်ရှိပါတယ်” လို့ရေးသားမျှဝေခဲ့တာဖြစ်ပါတယ်။
 
ယခုအခါ အဆိုပါ ဗီဒီယိုတွေဟာ ဆိုရှယ်မီဒီယာမှာပျံ့နှံ့နေပြီး အထူးသဖြင့် ဒုတိယဗီဒီယိုမှာ ကစားသမားကို လူမျိုးရေးခွဲခြားမှုတစ်ခုအဖြစ် အုန်းသီးနဲ့ နှိုင်းယှဉ်ဖော်ပြထားတာဖြစ်ပါတယ်။ ပြဿနာကြောင့် ကစားသမားနဲ့ နာပိုလီတို့ရဲ့ အနာဂတ်ဟာ မရေမရာဖြစ်လာပြီး လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းမှ ထွက်ခွာတော့မယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ရာသီက ကလပ်ရဲ့ ၃၃ နှစ်ကြာ ဝေးကွာနေခဲ့တဲ့ စီးရီးအေဖလားကို ဆွတ်ခူးနိုင်ရေးမှာ အိုဆီမင်ဟာ အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့ပြီး ၂၆ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုအခါ ကစားသမားကို ဆော်ဒီကလပ်များသာမက ရီးရဲလ်မက်ဒရစ်နဲ့ ချဲလ်ဆီးတို့ကလည်း ခေါ်ယူဖို့စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။