စပိန်က နိုင်ပွဲနဲ့ထိုက်တန်တယ်လို့ ပြောကြားလာတဲ့ ဖူရန်တီ
စပိန်လက်ရွေးစင်နည်းပြ လူးဝစ်ဒီလာဖူရန်တီက ယနေ့နံနက်က ယူရို ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်မှာ ဂျော်ဂျီယာကို ၄-၁ နဲ့ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် သူ့ရဲ့အသင်းဟာ နိုင်ပွဲနဲ့ ထိုက်တန်မှုရှိခဲ့ကြောင်းနဲ့ ယခုအခါမှာတော့ ဂျာမနီနဲ့ယှဉ်ပြိုင်ရမယ့် ကွာတားဖိုင်နယ်ပွဲစဉ်အပေါ် အာရုံစိုက်ထားကြောင်း ပြောကြားလာခဲ့ပါတယ်။ စပိန်အသင်းဟာ ဂျော်ဂျီယာကို ဦးဆောင်ဂိုးခွင့်ပြုခဲ့ရပြီးမှ နောက်ကနေလိုက်ကစားခဲ့ရတာဖြစ်သော်လည်း ထက်မြက်တဲ့ခြေစွမ်းကိုပြသနိုင်ခဲ့တာကြောင့် ဖူရန်တီက သူ့အသင်းရဲ့စွမ်းဆောင်ရည်ကို အားရနေတာဖြစ်ပါတယ်။
ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ဖူရန်တီက “ကျွန်တော်တို့ဟာ ခံစစ်ပိုင်းအားကောင်းပြီး တန်ပြန်တိုက်စစ်မှာ အတော်လေးအန္တရာယ်ရှိတဲ့အသင်းကို ကောင်းကောင်းထိန်းချုပ်ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ပြိုင်ဘက်က တကယ်ကောင်းမွန်တဲ့အသင်းဖြစ်လို့ ကျွန်တော်တို့အနေနဲ့ ဒီနိုင်ပွဲကို သေချာတန်ဖိုးထားရပါမယ်” လို့ပြောကြားခဲ့ပါတယ်။ ဂျော်ဂျီယာကစားသမား ကာကာဘက်ဇီရဲ့ ဖြတ်တင်ဘောကန်တင်ချက်ကို အသင်းရဲ့နောက်ခံလူ ရော်ဘင်လီနော်မန်ဟန့်တားရာမှာ မသေသပ်ခဲ့တာကြောင့် OG မှတစ်ဆင့် စပိန်တို့ဦးဆောင်ဂိုးပေးလိုက်ရပြီး နောက်ကနေလိုက်ကစားခဲ့ရကာ ဒုတိယပိုင်းမှာသာ အနိုင်ဂိုးတွေရရှိခဲ့တာဖြစ်ပါတယ်။
ဖူရန်တီက “ဂျော်ဂျီယာရဲ့တန်ပြန်တိုက်စစ်က အန္တရာယ်အရမ်းများတယ်ဆိုတာသိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီပွဲမှာ သူတို့ကို ဂိုးပေါက်ကန်သွင်းခွင့်မပေးခဲ့ရပါဘူး။ သူတို့ဦးဆောင်ဂိုးရသွားတဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ စိတ်လှုပ်ရှားမှုအနည်းငယ်ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ကျွန်တော်တို့ရခဲ့တဲ့ အခွင့်အရေးတွေကိုသာအသုံးချနိုင်ခဲ့မယ်ဆိုရင် ရလဒ်က ၈-၁ လောက်အထိဖြစ်သွားနိုင်ပါတယ်”“ကျွန်တော်တို့အသင်းက ယုံကြည်မှုမြင့်မားတဲ့အပြင် အရည်အသွေးတွေလည်းအများကြီးရှိပါတယ်။ ကိုယ့်အရည်အချင်းကိုယုံကြည်ဖို့က အရမ်းအရေးကြီးပါတယ်။ ဘယ်သူ့ကိုမှစော်ကားတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒီပြိုင်ပွဲမှာ ကျွန်တော်တို့အသင်းက အကောင်းဆုံးပါ” လို့ပြောကြားခဲ့ပါတယ်။
ဂျာမနီနဲ့ပွဲအတွက် အာရုံစိုက်ထားကြောင်းကိုလည်း ဖူရန်တီက “ဂျာမနီက ခမ်းနားတဲ့အသင်းကြီးတစ်သင်းပါ။ သူတို့မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေရှိပြီး အရမ်းစည်းစနစ်ကျတဲ့အသင်းပါ။ ဒါပေမယ့် သူတို့အနေနဲ့လည်း သူတို့နဲ့ဆင်တူတဲ့အသင်းတစ်သင်းနဲ့ရင်ဆိုင်သွားရမှာပါ။ ဒီအသင်းကတော့ စနစ်တကျဖွဲ့စည်းထားပြီး၊ ရည်မှန်းချက်ကြီးသလို၊ နိုင်ပွဲအရမ်းဆာလောင်တဲ့အသင်းပါ။ ပြောနေကျစကားဆိုတာတော့သိပါတယ်။ ဒါပေမယ့် ဘောလုံးမှာ အသေးစိတ်အချက်အလက်လေးတွေက ပွဲရဲ့အဆုံးမှာဘာဖြစ်မယ်ဆိုတာကို အဆုံးအဖြတ်ပေးပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။