The network connection is lost.

Banner Image

မန်စီးတီးနည်းပြအဖွဲ့မှာ မြင်တွေ့ရဖွယ်ရှိတဲ့ လီဗာပူးလက်ထောက်နည်းပြဟောင်းပက်လင်ဒါစ်

ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း ဆဲလ်ဘတ်နည်းပြရာထူးမှ ထုတ်ပယ်ခံရတဲ့ လီဗာပူးလက်ထောက်နည်းပြဟောင်းပက်လင်ဒါစ်က မန်စီးတီးနည်းပြအဖွဲ့မှာ ပါဝင်လာဖွယ် ရှိနေပါတယ်။ ပက်ဂွါဒီယိုလာကိုယ်တိုင်ကလည်း သူ့ရဲ့နည်းပြအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖို့ဆန္ဒရှိနေမှုနဲ့အတူ မန်စီးတီးက လီဗာပူးလက်ထောက်နည်းပြဟောင်းပက်လင်ဒါစ်ကို ခေါ်ယူဖို့ အလိုရှိနေတာပါ။ ကားလို့စ်ဗီကန်စ်၊ ဂျူအမ်မာလီလိုနဲ့ အင်နီဂိုဒိုမင်ဂွတ်ဇ်တို့အားလုံး အီတီဟတ်ကွင်းမှ ထွက်ခွာသွားပြီဖြစ်လို့ ယာဂန်ကလော့ပ်ရဲ့ညာလက်ရုံးလူယုံဟောင်းကို ဂျာမန်သားရဲ့ပြိုင်ဘက်ကြီးတွေက စိတ်ဝင်စားလာခဲ့တယ်လို့ The Times သတင်းဌာနမှ ဖော်ပြပါတယ်။

ပက်လင်ဒါစ်က ဆဲလ်ဘတ်နည်းပြရာထူးတာဝန်ယူဖို့ ယာဂန်ကလော့ပ်နဲ့အတူ အန်ဖီးလ်မှ တချိန်တည်း ထွက်ခွာလာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့သြစတြီးယားခရီးစဉ်က ထင်ထားသလို မဖြစ်လာဘဲ ၂၀၂၄ ခုနှစ်နှောင်းပိုင်းမှာ ရာထူးမှ ထုတ်ပယ်ခံခဲ့ရပါတယ်။ ပက်လင်ဒါစ်က ယာဂန်ကလော့ပ်လက်ထက် ကြိုးကြာနီတွေရဲ့အောင်မြင်မှုမှတ်တိုင်တွေမှာ အဓိကအရေးပါတဲ့ နည်းပြအဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။

ဒါ့အပြင် မန်စီးတီးက လီဗာပူးကစားသမားအဖြစ် ကာလတစ်ခုကြာ ကစားခဲ့ဖူးတဲ့ ကိုလိုတိုရေးကို စီနီယာအသင်းနည်းပြအဖွဲ့ဝင်အဖြစ် ရာထူးတိုးပေးဖို့ စဉ်းစားလာပါတယ်။ အိုင်ဗရီကို့စ်လက်ရွေးစင်ဟောင်းက မန်စီးတီးအကယ်ဒမီအသင်းတွေမှာ နည်းပြအဖြစ် တာဝန်ယူနေပြီး ဝီဂန်အသင်းမှာလည်း ကာလတိုတာဝန်ယူဖူးပေမယ့် နိုင်ပွဲရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

လာမယ့်လအတွင်းမှာစတင်တော့မယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နည်းပြအဖွဲ့ဝင်တွေပြောင်းလဲဖို့ ကြိုးပမ်းနေတဲ့ ပက်ဂွါဒီယိုလာကြောင့် မန်စီးတီးမှာ အပြောင်းအလဲများစွာ မြင်တွေ့လာရနိုင်ပါတယ်။