
မတ်လရဲ့တစ်လတာအကောင်းဆုံးကစားသမားဆုကိုရရှိခဲ့တဲ့ ယူနိုက်တက်စတား
ယူနိုက်တက်အသင်းခေါင်းဆောင် ဖာနန်ဒက်စ်တစ်ယောက် မတ်လရဲ့တစ်လတာအကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။ ပေါ်တူဂီသားဟာ ယူနိုက်တက်အသင်းရဲ့ရှုံးပွဲမရှိခဲ့တဲ့မတ်လအတွင်းကန်ခဲ့တဲ့ပွဲတွေမှာ ၄ ဂိုးအထိ ပါဝင်ပတ်သက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဖာနန်ဒက်စ်တစ်ယောက် ပရီးမီးယားလိဂ်ကစားသမားဘဝပွဲ ၅၀ ပြည့်အတွက် ကိုယ်တိုင် ၂ ဂိုးသွင်းယူနိုင်ကာ ဂိုးဖန်တီးမှုအနည်းငယ်ပြုလုပ်နိုင်ခဲ့ပါတယ်။
ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို ၅ ကြိမ်မြောက်ရရှိခဲ့တာဖြစ်ပြီး ဝိန်းရွန်းနီ ၊ ဗန်ပါစီတို့ စံချိန်နဲ့ တူညီခဲ့ကာ ဆာလက် ၊ ဟယ်ရီကိန်း ၊ အဂူရိုတို့ကိုလိုက်မီနိုင်ဖို့ ၂ ကြိမ်လိုအပ်နေပါတယ်။ ဖာနန်ဒက်စ်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ပရိသတ်တွေက ချီးကျူးစကားဆိုနေကြပါတယ်။ ပရိသတ်တစ်ဦးကတော့ “ဟွိုက်လန်းရဲ့ဂိုးကို ဖန်တီးနိုင်ခဲ့တာက မတ်လအတွင်း သူ့ရဲ့အကြီးမားဆုံးအောင်မြင်မှုပါ”လို့ ချီးကျူးခဲ့ပါတယ်။
အဲ့နောက် နောက်ထပ်ပရိသတ်တစ်ဦးကလည်း “အာဆင်နယ်နဲ့ပွဲက ဖရီးကစ်နဲ့တင် ထိုက်တန်နေပါပြီ”လို့ ချီးကျူးခဲ့ပါတယ်။ ချီးကျူးမှုတွေရှိနေပေမယ့်လည်း ပရိသတ်တစ်ချို့ကတော့ ဖာနန်ဒက်စ်ရဲ့ကွင်းတွင်းစွမ်းဆောင်ရည်အချို့ဟာ အသင်းခေါင်းဆောင်အနေနဲ့ သာမန်သာရှိနေတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ ယူနိုက်တက်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ မန်ချက်စတာဒါဘီပွဲအဖြစ် မန်စီးတီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲ့နောက် ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲအဖြစ် လိုင်ယွန်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။