
လီဗာပူးမှထွက်ခွာချိန် နာကျင်ခံစားခဲ့ရတယ်လို့ ဖွင့်ဟပြောကြားလာတဲ့ ဖာဘင်ဟို
၂၀၂၃ ခုနှစ်မှာ ဆော်ဒီပရိုလိဂ်ဘီလူးကြီးအယ်လ်အစ်တီဟတ်ဆီ ပြောင်းရွှေ့လာတဲ့ လီဗာပူးကစားသမားဟောင်းဖာဘင်ဟိုက အန်ဖီးလ်မှာ ပျော်ရွှင်ခဲ့ချိန်တွေအကြောင်း ပြန်အမှတ်ရပြီး အသင်းဟောင်းမှထွက်ခွာလာချိန် ခံစားခဲ့ရတဲ့နာကျင်မှုကို အသေးစိတ်ပြောပြလာခဲ့ပါတယ်။
ဘရာဇီးသားက မာဆေးဆိုဒ်ဒေသခံကလပ်အသင်းမှာ ငါးနှစ်ကြာဖြတ်သန်းခဲ့ပြီး ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်အပါအဝင် ဆုဖလားများစွာကို အသင်းနဲ့အတူ ဆွတ်ခူးရရှိခဲ့ပါတယ်။
နည်းပြဟောင်းယာဂန်ကလော့ပ်လက်အောက် အမြဲတမ်းလိုလိုပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့ပြီး ငါးနှစ်အတွင်း အသင်းအတွက်၂၁၉ ပွဲအထိ ပါဝင်ကစားပေးခဲ့တဲ့ ဖာဘင်ဟိုရဲ့ထွက်ခွာမှုက ဘောလုံးပရိသတ်တွေအတွက် အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။
နာကျင်ဖွယ်အန်ဖီးလ်လမ်းခွဲမှုအပြီး နှစ်နှစ်ခန့်ကြာမြင့်လာချိန်မှာတော့ အသက်-၃၁ နှစ်အရွယ်ကစားသမားက ကန့်လန့်ကာနောက်ကွယ်မှာ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ အတိအကျထုတ်ဖော်လာခဲ့ပါတယ်။
The Guardian သတင်းဌာနနဲ့တွေ့ဆုံချိန် ဘရာဇီးကြယ်ပွင့်က “ ကျွန်တော်က အသင်းကိုစွန့်ခွာပြီး ဘယ်ဥရောပကလပ်အသင်းကိုမှ မပြောင်းချင်ခဲ့ပါဘူး။ ကျွန်တော့်အမြင်အရ ဒီနေရာကသာ ဘောလုံးသမားတစ်ဦးအတွက် တိုးတက်လာစေဖို့နဲ့ ဘောလုံးကစားနိုင်ဖို့ အကောင်းဆုံးနေရာ ဖြစ်ခဲ့ပါတယ်။ ကလပ်အသင်းမှာ ကျွန်တော့်ရဲ့အမွေအနှစ်တွေနဲ့ ကျွန်တော့်ရဲ့သမိုင်းမှတ်တမ်းကို ပိုပြီးထားရှိချင်ပေမယ့် ကျွန်တော်တို့ရဲ့နောက်ဆုံးဘောလုံးရာသီကတော့ အလွန်ခက်ခဲကြမ်းတမ်းခဲ့ပါတယ်၊ ပင်ပန်းခဲ့ပါတယ်။ ကျွန်တော်တို့တွေ အကောင်းဆုံးမလုပ်နိုင်ခဲ့ဘဲ ချန်ပီယံလိဂ်ဝင်ခွင့်ပါ ကျဆုံးသွားခဲ့ပါတယ်။ ကျွန်တော်လည်း ပွဲစဉ်အချို့မှာ ပွဲထွက်ခွင့်နေရာ ဆုံးရှုံးခဲ့ပါတယ်။ အဲ့ဒီအတိုင်းပဲ ဖြစ်ပျက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အကောင်းဆုံးမဖြစ်ခဲ့ဘူးဆိုရင်တောင် လာမယ့်ဘောလုံးရာသီအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့အတူ ကျွန်တော် ပြန်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် နောက်တစ်ကြိမ်ပြန်လည်တိုက်ခိုက်မယ်ဆိုတဲ့ စိတ်ဓါတ်ကောင်းတစ်ခုပါ ပါဝင်ခဲ့ပါတယ်။
ဒါပေမယ့် ဘောလုံးရာသီမစတင်ခင်မှာပဲ အယ်လ်အစ်တီဟတ်က ကျွန်တော့်အတွက် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ လီဗာပူးဒါရိုက်တာတွေကိုယ်တိုင်လည်း ဒီကမ်းလှမ်းမှုကို ကလပ်အသင်းအတွက်ရော၊ ကျွန်တော့်အတွက်ပါ အလွန်ကောင်းမွန်တဲ့အရာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော် ထိတ်လန့်သွားခဲ့ပါတယ်။ ပြီးတော့ နည်းပြအဖွဲ့ဝင်တွေ ဘာတွေပြောမလဲဆိုတာကို စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကျွန်တော့်အတွေးထဲမှာတော့ ကျွန်တော်က အလွန်အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ပြီး ဘယ်ကမ်းလှမ်းမှုကိုမဆို ငြင်းပယ်သွားလိမ့်မယ်လို့ ယူဆခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ကလပ်အသင်းက ကျွန်တော့်ကိုရောင်းချဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။
ယာဂန်ကလော့ပ်ကလည်း ကျွန်တော့်ဆီဖုန်းဆက်ပြီး ကျွန်တော်ဘာလုပ်ချင်သလဲဆိုတာ မေးမြန်းခဲ့ပါတယ်။ ကျွန်တော်ကတော့ ကမ်းလှမ်းမှုရရှိပြီး သဘောကျမိပေမယ့် ယာဂန်ကလော့ပ်ရဲ့အမြင်ကိုလည်း သိချင်တယ်လို့ ပြောခဲ့ပါတယ်။ ယာဂန်ကလော့ပ်က ထွက်ခွာချင်သူဘယ်သူ့ကိုမဆို ထွက်ခွာခွင့်ပေးမယ်လို့ ပြန်ပြောပါတယ်။ ဒါက ကျွန်တော့်အတွက် ထွက်ခွာဖို့ လမ်းဖွင့်ပေးတဲ့ စကားတစ်ခွန်းဖြစ်ခဲ့ပါတယ်။
နည်းပြနဲ့အခုလိုစကားပြောဆိုမှုမှာ ကျွန်တော့်ကို အသင်းနဲ့အတူဆက်ရှိနေဖို့ တိုက်တွန်းစေချင်ပေမယ့် သူက လမ်းဖွင့်ပေးလာခဲ့ပါတယ်။ ဒါကို လုံးဝမကြိုက်ပါဘူး။ ကျွန်တော်က ဆုံးဖြတ်ချက်တွေ မချမှတ်ခင် ဆုတောင်းရတာကို ကြိုက်ပါတယ်။ လီဗာပူးက ကျွန်တော်ချစ်ရတဲ့အသင်းဖြစ်ပေမယ့် အဲ့ဒီအချိန်မှာ ဖြစ်ပျက်နေတဲ့အရာတွေကြောင့် ကျွန်တော့်ရဲ့ဦးတည်ချက်ကို ဆော်ဒီဘက်ဆီ လှည့်ခဲ့ရပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်ဆုံးဖြတ်ချက်နဲ့အညီ ပျော်ပျော်ရွှင်ရွှင်ထွက်ခွာလာခဲ့ပါတယ်”လို့ ပြောပါတယ်။ ဆက်လက်ပြီး အသင်းဟောင်းနဲ့ပတ်သက်လို့ ဖာဘင်ဟိုက “ လီဗာပူးဆိုတာ ကွင်းတွင်းသာမက မိမိတို့ရဲ့ကိုယ်ပိုင်ဘဝအတွက်ပါ အရာရာတိုင်းနဲ့အတူ ကျွန်တော်တို့ကို ကူညီပေးနေတဲ့ စိတ်လှုပ်ရှားစရာ ကလပ်အသင်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် သူတို့လုပ်ပေးခဲ့တဲ့အရာတွေက အံ့မခန်းပါပဲ။ ဒါမျိုး လုံးဝမမြင်ဖူးခဲ့ပါဘူး။ အင်္ဂလန်မှာသာမက ဘယ်နေရာပဲသွားသွား ပရိသတ်တွေကိုယ်တိုင် အသင်းနဲ့ ကစားသမားတွေအပေါ် ချစ်ခြင်းမေတ္တာတွေ အများကြီးပြသကြပါတယ်”လို့ ဆိုပါတယ်။
ဖာဘင်ဟိုက လက်ရှိဆော်ဒီချန်ပီယံအယ်လ်အစ်တီဟတ်ရဲ့ဘောလုံးရာသီသစ်ပထမဆုံးပွဲစဉ်ဖြစ်တဲ့ စီရော်နယ်ဒိုရဲ့အယ်လ်နာဆာနဲ့ရင်ဆိုင်ရမယ့် ဆော်ဒီစူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပါဝင်ကစားသွားဖွယ် ရှိပါတယ်။