
ပတ်ဂွါဒီယိုလာရဲ့ အက်ဖ်အေဖလားပြိုင်ပွဲက ဘောလုံးကို ဝေဖန်မှုအပေါ် တုံ့ပြန်လိုက်တဲ့ အက်ဖ်အေ
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က အက်ဖ်အေဖလားမှာ သုံးတဲ့ ဘောလုံးကို ဝေဖန်ခဲ့တဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာရဲ့ စကားတွေကို တုံ့ပြန်ခဲ့ပြီး အဲဒီဘောလုံးဟာ စမ်းသပ်မှု လိုအပ်ချက်အားလုံးကို ပြည့်မီတယ်လို့ အခိုင်အမာ ပြောခဲ့ပါတယ်။ မန်စီးတီးက ပလိုင်းမောက်အား အနိုင်ရရှိခဲ့တဲ့ ဖလားပြိုင်ပွဲရဲ့ ပွဲအပြီးမှာ ဂွါဒီယိုလာက ဘောလုံးကို ပြစ်တင်ဝေဖန်ခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ သုံးတဲ့ ဘောလုံးတွေနဲ့ ယှဉ်ရင် သင့်လျော်မှု မရှိဘူးလို့ ပြောခဲ့ပါတယ်။
"အက်ဖ်အေဖလားနဲ့ အက်ဖ်အေရဲ့ ပြိုင်ပွဲအားလုံးမှာ သုံးတဲ့ Mitre ရဲ့ Ultimax Pro ဘောလုံးဟာ ဖီဖာရဲ့ စမ်းသပ်မှု စံနှုန်းတွေနဲ့ စမ်းသပ်ထားတာပါ။ ပရော်ဖက်ရှင်နယ် ဘောလုံးလောကမှာ သုံးတဲ့ ဘောလုံးအားလုံးဟာ FIFA Quality Pro အသိအမှတ်ပြုမှု ရရမှာဖြစ်ပြီး ဒီဘောလုံးက စမ်းသပ်မှု လိုအပ်ချက်အားလုံးကို ပြည့်မီပါတယ်။ Mitre နဲ့အတူ ကျွန်တော်တို့ နှစ်သက်မှုဆိုတာ အကြိုက်တူဖို့ မတူဖို့ ရှိနိုင်တယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ဒီဘောလုံးက ကောင်းကောင်း အလုပ်လုပ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒီနှစ်ပြိုင်ပွဲရဲ့ အဆင့်ဆင့် ကစားပွဲတွေမှာ ဂိုး ၃၅၀ ကျော် သွင်းထားပြီးချိန်မှာ ဒီဘောလုံးက ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပြိုင်ပွဲမှာ စိတ်လှုပ်ရှားစရာ အစိတ်အပိုင်းတစ်ခု ဖြစ်စေပါတယ် လို့ အက်ဖ်အေရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အခုလို ဘောလုံးနှင့်ပတ်သက်ပြီး ကာကွယ်ပြောဆိုခဲ့ပါတယ်။
ဂွါဒီယိုလာကလည်း သူ့ရဲ့ မကျေနပ်မှုကို "ဒီဘောလုံးက သင့်လျော်မှု မရှိဘူး။ တောင်းပန်ပါတယ်။ အက်ဖ်အေဖလားနဲ့ ကာရာဘောင်ဖလားမှာ နှစ်ပေါင်းများစွာ ဒီလိုဖြစ်နေတာပါ။ဒါက စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး သူတို့ သဘောတူညီချက်တွေ လုပ်ထားတာကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဒီဘောလုံးက ကောင်းမွန်မှု မရှိပါဘူး"
"ဘောလုံးက ဂိုးတိုင်ပေါ်ကနေ ဘယ်နှကြိမ် ကျော်ထွက်သွားခဲ့လဲ သိလား။ ဟာလန်း တစ်ယောက်တည်းမဟုတ်ပါဘူး တခြားပွဲတွေကိုလည်း ကြည့်လိုက်ပါ။ ကျွန်တော် ဒါကို နှစ်ပေါင်းများစွာ ပြောနေခဲ့တာပါ။ ဒါက အမှန်တရားပါ။ ချန်ပီယံလိဂ်က ဘောလုံးဟာ အရမ်းကောင်းပြီး ပရီးမီးယားလိဂ်က ဘောလုံးဟာလည်း တော်တော်ကောင်းပါတယ် ဒီတစ်လုံးကတော့ မကောင်းပါဘူး" လို့ ပြောကြားထားပါတယ်။
ဒီရာသီမှာ နည်းပြတစ်ယောက်က ဘောလုံးအပေါ် သဘောမကျမှု ပြသတာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ဇန်နဝါရီတုန်းက အာဆင်နယ်နည်းပြ အာတီတာက ကာရာဘောင်ဖလားမှာ သုံးတဲ့ Puma ဘောလုံးကို ဝေဖန်ခဲ့ဖူးပါတယ်။