The network connection is lost.

Banner Image

ကွန်းဖရန့်လိဂ်ခြေစစ်ပွဲမှာ အီဇီနဲ့ ဂူဟီတို့ပါဝင်ကစားသွားမယ်လို့ ပဲလေ့စ်နည်းပြ အခိုင်အမာပြော

ခရစ္စတယ်ပဲလေ့စ်နည်းပြ အိုလီဗာဂလက်စ်နာက မကြာမီမှာပဲ အသင်းကနေထွက်ခွာပြီး အသင်းသစ်သို့ပြောင်းရွှေ့တော့မယ်လို့ သတင်းကြီးနေတဲ့ အသင်းရဲ့ကြယ်ပွင့်ကစားသမားနှစ်ဦးဖြစ်တဲ့ အီဘရီချီအီဇီနဲ့ မာ့ခ်ဂူဟီတို့ဟာ သောကြာနေ့ ဖရက်ဒရစ်စတက်နဲ့ယှဉ်ပြိုင်သွားရမယ့် ကွန်းဖရန့်လိဂ်ခြေစစ်ပွဲမှာ ပါဝင်ကစားသွားမှာဖြစ်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။

အီဇီကို တော့တင်ဟမ်ကခေါ်ယူနိုင်တော့မယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ယခုအခါမှာ ကစားသမားဟာ အာဆင်နယ်သို့ပြောင်းရွှေ့ဖို့ သဘောတူညီမှုရထားပြီး ဂူဟီကိုတော့ လီဗာပူးက ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ အီဇီနဲ့ ဂူဟီတို့ဟာ ပြီးခဲ့တဲ့ရာသီက ခရစ္စတယ်ပဲလေ့စ်ရဲ့ အက်ဖ်အေဖလားအောင်မြင်မှုမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြသူတွေဖြစ်ပြီး ယခုရာသီမစတင်မီမှာလည်း ကွန်မြူနတီဒိုင်းအောင်မြင်မှုကို အသင်းအတွက်ပထမဆုံးအကြိမ် ဖော်ဆောင်ပေးနိုင်ခဲ့ကြပါတယ်။

သို့သော်လည်း ကစားသမား ၂ ဦးစလုံးဟာ ယခုနွေရာသီမှာပဲ ခရစ္စတယ်ပဲလေ့စ်နဲ့လမ်းခွဲပြီး အသင်းသစ်တွေမှာ ကစားသမားဘဝကို လျှောက်လှမ်းဖို့ စိတ်အားထက်သန်နေကြတာဖြစ်ပါတယ်။ ယခုအခါမှာ ဂလက်စ်နာက "ကစားသမားတွေအနေနဲ့ အသင်းနဲ့စာချုပ်သက်တမ်းကျန်ရှိနေသေးရင် ၁၀၀ ရာခိုင်နှုန်း ပေးဆပ်ဖို့လိုပါတယ်။ သူတို့ကို ကျွန်တော်တို့အနေနဲ့ နေ့တိုင်းကျေးဇူးတင်စကားပြောနေစရာမလိုပါဘူး။ သူတို့ အသင်းအတွက်ကစားပေးလို့ ပိုက်ဆံလည်းရကြတာပါပဲ"

"ပြီးခဲ့တဲ့ချဲလ်ဆီးနဲ့ပွဲမှာ အီဇီနဲ့ ဂူဟီတို့ ၂ ယောက်စလုံးကို ကျွန်တော်ကစားခိုင်းခဲ့လို့ ဘောလုံးပရိသတ်တွေအနေနဲ့ အံ့ဩသွားကြပါလိမ့်မယ်။ ဒါပေမယ့် မနက်ဖြန် ကွန်းဖရန့်လိဂ်ခြေစစစ်ပွဲမှာလည်း သူတို့ကို ပွဲထုတ်သွားဦးမှာပါ။ သူတို့ကိုယ်တိုင်ကလည်း အသင်းအတွက်ပေးဆပ်ချင်နေကြပါတယ်"

"စာချုပ်ရှိနေသမျှကာလပတ်လုံး သူတို့ ၂ ယောက်က အသင်းအတွက် ပေးဆပ်သွားကြမှာပါ။ သူတို့က အသင်းကနေထွက်မယ်ဆိုရင်လည်း ခရစ္စတယ်ပဲလေ့စ်အတွက် ၁၀၀ ရာခိုင်နှုန်းပေးဆပ်ပြီးမှ ထွက်ခွာချင်ကြမှာသေချာပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဂိုးသမား ဒင်းန်ဟန်ဒါဆန်ကလည်း "သူတို့ ၂ ယောက်စလုံးက ကစားသမားကောင်းတွေပါ။ ပရော်ဖက်ရှင်နယ်ပီပီသသပဲ အသင်းကို ကူညီပေးနေကြပါတယ်။ ချဲလ်ဆီးနဲ့ပွဲမှာ သူတို့ဘယ်လိုကစားခဲ့သလဲ အားလုံးမြင်မှာပါ။ အရမ်းကောင်းတဲ့ခြေစွမ်းကိုပြသခဲ့ကြပါတယ်။ ဒါကြောင့် အသင်းအတွက်ကစားပေးနေတဲ့အချိန်မှာ ကျွန်တော်တို့နဲ့သူတို့နဲ့က အသင်းဖော်တွေပါပဲ" လို့ပြောကြားခဲ့ပါတယ်။

ပဲလေ့စ်ဟာ အက်ဖ်အေဖလားရရှိထားတာကြောင့် ယူရိုပါလိဂ်ဝင်ခွင့်ရခဲ့ပေမယ့် လိုင်ယွန်ကိုလည်းပိုင်ဆိုင်ထားတဲ့ အသင်းပိုင်ရှင်ကတစ်ဖက်မှာ လိုင်ယွန်ကိုသာ ယူရိုပါလိဂ်ဝင်ခွင့်ပေးခဲ့လို့ ယူအီးအက်ဖ်အေစည်းမျဉ်းစည်းကမ်းတွေအရ ပဲလေ့စ်အနေနဲ့ ကွန်းဖရန့်လိဂ်ကို ဆင်းကစားခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် လစ်လပ်သွားတဲ့ ပရီးမီးယားလိဂ်ရဲ့ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာစာကို နော်တင်ဟမ်ဖောရက်စ်က အလိုအလျောက်ရရှိသွားခဲ့ပါတယ်။

ဆက်လက်ပြီး ဂလက်စ်နာက "ကျွန်တော်တို့ အသင်းသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်အနေနဲ့ ဥရောပပြိုင်ပွဲကစားခွင့်ရထားပါတယ်။ ဒါက အက်ဖ်အေဖလားချန်ပီယံဖြစ်ခဲ့တာကြောင့် ဆုအနေနဲ့ပြန်ရတာဖြစ်ပြီး ကျွန်တော်တို့ ပျော်ပျော်ရွှင်ရွှင်ပဲကစားသွားပါမယ်။ ဘောလုံးပရိသတ်အများစုက ကျွန်တော်တို့ ဥရောပပြိုင်ပွဲကစားရမယ်လို့ မမျှော်လင့်ထားကြပါဘူး။ ဒါက ကျွန်တော်တို့ရဲ့ တိုးတက်မှုကိုပြသလိုက်တာပါပဲ" လို့ပြောကြားခဲ့ပါတယ်။