
အနီကတ်ကြောင့် စိတ်အနှောင့်အယှက်မဖြစ်မိဘူးလို့ ဖွင့်ဟလာတဲ့ အန်ဇိုမာရက်စ်ကာ
ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက လီဗာပူးကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း စိတ်အားထက်သန်မှုအပြည့် အောင်ပွဲခံမှုကြောင့် အနီကတ်ပြထုတ်ပယ်ခံရမှုအတွက် နောင်တမရဘူးလို့ ပြောဆိုလိုက်ပြီး ဒီအခိုက်အတန့်ကို ထိုက်တန်မှုအပြည့်ရှိတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။
ချဲလ်ဆီးအတွက် အမှတ်ရစရာအခိုက်အတန့်ဖြစ်စေမယ့် အက်စ်တီဗာအိုရဲ့နောက်ကျအနိုင်ဂိုးသွင်းယူမှုအပြီး စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းဘေးစည်းတလျှောက် အပြင်းအထန်အောင်ပွဲခံမှုကြောင့် အီတာလျံသားကို ကွင်းလယ်ဒိုင်က အနီကတ်ပြသခဲ့ပါတယ်။ အခုအချိန်မှာတော့ မာရက်စ်ကာက နိုင်ငံတကာသီတင်းပတ်အပြီး နော်တင်ဟမ်ဖောရက်စ်နဲ့ရင်ဆိုင်ရမယ့် အဝေးကွင်းပွဲစဉ်ကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်သွားပါလိမ့်မယ်။
မာရက်စ်ကာက “ လီဗာပူးနဲ့ရင်ဆိုင်ရချိန် ကြီးမားတဲ့စိတ်ခံစားမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ အခုက ကျွန်တော့်ရဲ့ ချဲလ်ဆီးနည်းပြဘ၀ ဒုတိယမြောက်ရာသီဖြစ်ပြီး နောက်ဆုံးမိနစ်၊ အိမ်ကွင်းမှာ ကျွန်တော်တို့အသင်းအနိုင်ရရှိတဲ့ ပထမဆုံးပွဲစဉ်လည်း ဖြစ်ပါတယ်။
အနီကတ်ပြထုတ်ပယ်ခံရမှုလား? ကျွန်တော် အကြိမ်ပေါင်းများစွာ ပြောခဲ့ပြီးပါပြီ။ ဘောလုံးမှာ စိတ်အားထက်သန်မှုဗီဇ ရှိပါတယ်။ ကျွန်တော့်အတွက် ပြန်တွေးနေဖို့တောင် အချိန်မရှိပါဘူး။ ဒါက အလိုအလျောက်တုံ့ပြန်မှုတစ်ခု ဖြစ်ခဲ့ပေမဲ့ ထိုက်တန်မှုရှိတယ်လို့လည်း ထင်ပါတယ်”လို့ ပြောပါတယ်။
ချဲလ်ဆီးက လာမယ့်သီတင်းပတ်၊ ရုန်းကန်နေရတဲ့ နော်တင်ဟမ်ဖောရက်စ်ဆီ သွားရောက်ယှဉ်ပြိုင်ပြီးနောက် အေဂျက်စ်နဲ့ချန်ပီယံလိဂ်ပွဲစဉ်ကို ဆင်နွှဲသွားရပါမယ်။