
ယူနိုက်တက်ပရိသတ်တွေရဲ့လှောင်ပြောင်မှုကို အာရုံမစိုက်ဖို့ ဂါနာချိုကို မာရက်စ်ကာ သတိပေး
ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက အသင်းရဲ့တောင်ပံကစားသမား အလီဂျန်ဒရို ဂါနာချိုကို မန်ချက်စတာယူနိုက်တက်နဲ့ ယှဉ်ပြိုင်သွားရမယ့်ပွဲစဉ်မှာ ယူနိုက်တက်ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို အာရုံမစိုက်ဖို့ သတိပေးစကားပြောကြားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ကြာသပတေးနေ့က ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို ၃-၁ နဲ့ဂိုးပြတ်ရှုံးပြီး ဒီရာသီပထမဆုံးရှူံးပွဲနဲ့စတင်တွေကြုံခဲ့ရတဲ့ ချဲလ်ဆီးဟာ စနေနေ့မှာတော့ ယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ယခုအခါမှာ မာရက်စ်ကာက ယူနိုက်တက်ကြယ်ပွင့်ဟောင်း ဂါနာချိုအနေနဲ့ အဆိုပါပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားဖို့ အဆင်သင့်ဖြစ်နေကြောင်းလည်း အသိပေးပြောကြားလာခဲ့ပါတယ်။
ယခုရာသီမှာ ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ နိုင်ပွဲ ၁ ပွဲသာရရှိထားပြီး ၃ ပွဲအထိရှုံးထားတာကြောင့် အိမ်ကွင်းမှာ နိုင်ပွဲအတွက် ရုန်းကန်လာနိုင်လို့ ချဲလ်ဆီးအနေနဲ့ ခက်ခက်ခဲခဲယှဉ်ပြိုင်သွားရဖွယ်ရှိပါတယ်။ ဒါ့အပြင် ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်အနေနဲ့ သူ့ရဲ့အနာဂတ်ကို လာမယ့် ၃ ပွဲအတွင်း အဆုံးအဖြတ်ပေးသွားမယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။
အာမိုရင်ဟာ ယူနိုက်တက်ကိုစတင်ကိုင်တွယ်စဉ်က ဂါနာချိုနဲ့ သဘောထားမတိုက်ဆိုင်မှုတွေရှိခဲ့တာကြောင့် ကစားသမားဟာ နွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာပြီး ခါးသီးပြိုင်ဘက် ချဲလ်ဆီးထံသို့ ပေါင်သန်း ၄၀ နဲ့ထွက်ခွာခဲ့ရပါတယ်။ ဒါကြောင့် ယူနိုက်တက်ပရိသတ်တွေအနေနဲ့လည်း ဂါနာချိုအပေါ်မှာ အမြင်မကြည်မှုတွေရှိနေလို့ မာရက်စ်ကာက သတိပေးမှုတွေပြုလုပ်လာခဲ့တာဖြစ်ပါတယ်။
အီတလီသားနည်းပြက "ပြီးခဲ့တဲ့နှစ်ပွဲအတွင်း ဂါနာချိုက အဆင်သင့်ဖြစ်နေပြီဆိုတာ သက်သေပြခဲ့ပါတယ်။ သူက လူစားဝင်ကစားသမားအဖြစ် ခြေစွမ်းပြနိုင်တယ်ဆိုတာ မှန်ပေမယ့် မနက်ဖြန်မှာတော့ ပွဲထွက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ပွဲထွက်လူစာရင်းမှာ သူပါဝင်လာနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အိုးလ်ထရက်ဖို့ဒ်မှာ ဂါနာချိုအနေနဲ့ ပရိသတ်လှောင်ပြောင်မှုတွေနဲ့ ခံရနိုင်သလားဆိုတဲ့မေးခွန်းကို မာရက်စ်ကာက "သူ ဘာတွေဖြစ်ခဲ့လဲ ကျွန်တော်မသိပါဘူး။ ဒါက ပရိသတ်တွေကိုမေးရမယ့်မေးခွန်းပါ။ သူတို့ ဘယ်လိုတုံ့ပြန်ကြမလဲ မသိနိုင်ပါဘူး။ ဒါပေမယ့် ပရိသတ်လှောင်ပြောင်မှုက မကောင်းပါဘူး။ ဘိုင်ယန်နဲ့ပွဲမှာဆို ကူကူရယ်လာက ဘောလုံးထိချက်တိုင်းမှာ လှောင်ပြောင်ခံခဲ့ရပါတယ်။ ဒီလို လှောင်ပြောင်မှုတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ သင်ယူသွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။