
ချဲလ်ဆီးသို့စရောက်တဲ့နေ့ကတည်းက ဂျိမ်းစ်ကို ကွင်းလယ်လူအဖြစ်သာအသုံးပြုဖို့ ဆုံးဖြတ်ထားကြောင်း မာရက်စ်ကာ ပြောကြား
ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက သောကြာနေ့နံနက် ကိုပင်ဟင်ဂင်ကိုအနိုင်ရခဲ့တဲ့ ယူရိုပါကွန်းဖရန့်လိဂ်ပွဲစဉ်မှာ ညာနောက်ခံလူ ရီစီဂျိမ်းစ်ကို ကွင်းလယ်ကစားသမားအဖြစ်အသုံးပြုခဲ့ပြီး ပွဲအပြီးမှာတော့ ချဲလ်ဆီးသို့စတင်ရောက်ရှိချိန်ကတည်းက ဂျိမ်းစ်ကို ကွင်းလယ်လူတစ်ယောက်အဖြစ်ရှုမြင်ထားကြောင်း ပြောကြားလာခဲ့ပါတယ်။
ယခုပထမအကျော့ပွဲစဉ်မှာ ချဲလ်ဆီးဟာ ဂျိမ်းစ်ရဲ့သွင်းဂိုးအပါအဝင် ကိုပင်ဟင်ဂင်ကို ၁-၂ နဲ့အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်သို့တက်ရောက်နိုင်ဖို့ အခြေအနေကောင်းတစ်ရပ်ကို ဖန်တီးနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအတွက် အဖွင့်ဂိုးကိုသွင်းယူပေးခဲ့တဲ့ ဂျိမ်းစ်ဟာ ယခုပွဲစဉ်မှာ ပုံမှန်အတိုင်း ညာနောက်ခံနေရာမှာမကစားဘဲ ကွင်းလယ်လူအဖြစ် နံပါတ် ၆ နေရာမှာကစားခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ မာရက်စ်ကာက သူ့အနေနဲ့ ချဲလ်ဆီးသို့စတင်ရောက်ရှိချိန်ကတည်းက ဂျိမ်းစ်ကိုကွင်းလယ်လူတစ်ယောက်အဖြစ် အသုံးပြုဖို့ရည်ရွယ်ထားကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ အီတလီသားနည်းပြက "ကျွန်တော်ချဲလ်ဆီးနဲ့စာချုပ်ချုပ်ပြီး နောက်တစ်နေ့မှာပဲ သူ့ကိုကွင်းလယ်လူတစ်ယောက်အဖြစ်အသုံးပြုမယ့်အကြောင်း ဗီဒီယိုတစ်ပုဒ်ပို့ပြီး အသိပေးခဲ့ပါတယ်။ အခုချိန်မှသူ့ကို ကွင်းလယ်ကစားသမားအဖြစ်အသုံးပြုဖို့ စီစဉ်ခဲ့တာမဟုတ်ပါဘူး။ သူနားနေတဲ့အချိန်မှာ ကွင်းလယ်လူတစ်ယောက်အဖြစ်ကစားနေတဲ့သူ့ရဲ့ဗီဒီယိုကို ကျွန်တော်ပို့ပေးခဲ့ပါတယ်"
"သူ့ကို အဲဒီနေရာမှာအသုံးပြုဖို့ ကျွန်တော်ပြောနေတာကြာပါပြီ။ ဒီနှစ်အတွင်းမှာသူ နောက်ခံလူ၊ ဗဟိုခံစစ်မှူးနဲ့ ကွင်းလယ်နေရာတွေမှာ ကစားထားတာဆိုတော့ အခုတော့ ကွင်းလယ်လူတစ်ယောက်အဖြစ်မြင်တွေ့ရပါတော့မယ်။ ကျွန်တော်တို့အတွက်အရေးကြီးဆုံးကတော့ သူ့ကိုရာသီကုန်အထိ ကြံ့ခိုင်မှု ထိန်းသိမ်းနိုင်ဖို့ပါ" လို့ပြောကြားခဲ့ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လက်စတာနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နောက်အပတ် ကြားရက်ထဲမှာတော့ ကွန်းဖရန့်လိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ကိုပင်ဟင်ဂင်ကို အိမ်ကွင်းစတန်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံကစားသွားရပါမယ်။