The network connection is lost.

Banner Image

ဂျီရိုနာနဲ့ပွဲစဉ်မှာ လူငယ်တွေကို အခွင့်အရေးပေးခဲ့ပြီးနောက် အလွန်ကျေနပ်မိတယ်လို့ ဆိုလိုက်တဲ့ အာတီတာ

အခုသီတင်းပတ်ပိတ်ရက်မှာ ဂျီရိုနာအသင်းနဲ့ရင်ဆိုင်ခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ရာသီကြိုခြေစမ်းပွဲစဉ်ရလဒ်အပေါ် အာတီတာက သုံးသပ်ပြောကြားလိုက်ပါတယ်။ 

ပရီးမီးယားလိဂ်ချန်ပီယံတွေက ကတ္တလန်မြေမှာ ဂျီရိုနာကို ၄-၁ ဂိုးဖြင့် အနိုင်ယူပြီး ရာသီကြိုခြေစမ်းပွဲစဉ်တွေကို အထင်ကြီးလောက်စရာစွမ်းဆောင်ရည်နဲ့ စတင်လိုက်ပါတယ်။ အခုပွဲစဉ်မှာ ဂန်းနားတွေက လူငယ်ကစားသမားအတော်များများအပြင် အသင်းကစားသမားသစ်တီဇိုးလစ်ကိုလည်း ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ တီဇိုးလစ်ကိုယ်တိုင်လည်း သူ့ရဲ့အာဆင်နယ်ကစားသမားဘ၀ဗွေဆော်ဦးဂိုးကို သွင်းယူနိုင်ခဲ့လို့ အာတီတာကိုယ်တိုင် ပွဲစဉ်အပြီးမှာ တကယ်ကျေနပ်အားရနေတာကို မြင်တွေ့ရပါတယ်။

"ကျွန်တော် တကယ်ကို ကျေနပ်မိပါတယ်။ အခုသီတင်းပတ်အတွင်းမှာ အသင်းကြီးကစားသမားတွေ၊ အားလပ်ရက်မှ ပြန်လာတဲ့ ဘရာဇီးကစားသမားတွေနဲ့ အကယ်ဒမီလူငယ်ကစားသမားတွေအပါအဝင် အုပ်စုအလိုက် အများကြီးလေ့ကျင့်ခဲ့ကြပါတယ်။ ကျွန်တော်တို့ စမ်းသပ်ချင်တဲ့အရာတွေကို အထူးသဖြင့် ပွဲစဉ်အတွင်းမှာ အကောင်းဆုံးလုပ်ပြနိုင်ခဲ့ကြလို့ အစစအရာရာ ဝမ်းသာမိပါတယ်။ အသင်းတစ်ခုအဖြစ် တိုးတက်ဖို့နဲ့ ပြုပြင်ရမယ့် အချက်တွေ အများကြီးရှိနေပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့ ယူဆမိပါတယ်" လို့ အာတီတာက ဆိုပါတယ်။

ဆက်လက်ပြီး အာတီတာက မက်စ်ဒေါင်းမန်း၊ နွမ်နရီ၊ မာလီဆယ်လ်မွန်၊ ဟယ်ရီမန်-အန်နူး၊ စီဒတ်အိုနေးလ်နဲ့ အိုင်ဖီအီဘရာဟင်တို့လို အကယ်ဒမီကြယ်ပွင့်တွေကို အခွင့်အရေးပေးခဲ့မှုနဲ့ပတ်သက်လို့ အခုလိုပဲ ပြောပြပါတယ်။

"သူတို့က ဒီအခွင့်အရေးနဲ့ ထိုက်တန်ပါတယ်။ ပွဲအခြေအနေကလည်း သူတို့ကို ထည့်ကစားဖို့ အဆင်ပြေစေခဲ့သလို၊ သူတို့ကလည်း ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းမှာ ကျွန်တော်တို့နဲ့အတူ တကယ်ကို ကြိုးစားခဲ့ကြပါတယ်။ ဒါက သူတို့အတွက် အတွေ့အကြုံကောင်း တစ်ခုပါပဲ။ ကျွန်တော်တို့အတွက် ကွင်းအခြေအနေရော၊ တခြားအရာတွေနဲ့ပါ အသားကျအောင် နေထိုင်ရတာကလည်း ကိုယ့်ရဲ့ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်လာဖို့အတွက် ကောင်းမွန်တဲ့ စမ်းသပ်မှုတစ်ခုပါပဲ။ ဘာပဲဖြစ်ဖြစ် အားလုံးအတွက် တကယ်ကျေနပ်မိပါတယ်" လို့ ဆိုပါတယ်။

အာဆင်နယ်အသင်းက လာမယ့် သြဂုတ် ၁၆ ရက်၊ တနင်္ဂနွေနေ့မှာ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ် ယှဉ်ပြိုင်ကစားပြီးနောက်  သြဂုတ် ၂၁ ရက်၊ သောကြာနေ့မှာ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အဖြစ် တန်းတက်ကိုဗင်ထရီကို အိမ်ကွင်းမှာ လက်ခံကစားသွားရပါမယ်။