ရိုင်းစိုင်းတဲ့စကားတွေ ပါဝင်တဲ့ဗီဒီယိုအတွက် တောင်းပန်စကားဆိုလာတဲ့ အန်ဇိုဖာနန်ဒက်ဇ်
အာဂျင်တီးနားလက်ရွေးစင် ကစားသမား အန်ဇိုဖာနန်ဒက်ဇ်ဟာ နိုင်ငံအသင်းနဲ့အတူ ကိုပါအမေရိကဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အောင်ပွဲခံအခမ်းအနားမှာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ပတ်သက်ပြီး ရိုင်းစိုင်းတဲ့စကားလုံးတွေပါဝင်တဲ့ သီချင်းကို သီဆိုခဲ့မိတာကြောင့် ယခုအခါမှာတော့ လူမှုကွန်ယက်မှတစ်ဆင့် တောင်းပန်စကားပြောကြားလာခဲ့ပါတယ်။
ချဲလ်ဆီးကွင်းလယ်လူက “နိုင်ငံအသင်းနဲ့ အောင်ပွဲခံတဲ့အချိန်မှာ ရိုင်းစိုင်းတဲ့စကားလုံးတွေပါဝင်တဲ့ ဗီဒီယိုကို လူမှုကွန်ယက်မှတစ်ဆင့် မျှဝေခဲ့မိလို့ တောင်းပန်ချင်ပါတယ်။ ဒီသီချင်းထဲမှာ အလွန်ရိုင်းစိုင်းတဲ့စကားလုံးတွေ ပါဝင်ခဲ့ပြီး ဒီလိုလုပ်ခဲ့မိတဲ့အတွက် ဆင်ခြေတော့မပေးလိုပါဘူး။ ကျွန်တော်ဟာ ခွဲခြားဆက်ဆံခြင်းကို ပြင်းပြင်းထန်ထန်ကန့်ကွက်တဲ့လူတစ်ယောက်ဖြစ်တာကြောင့် ဒီဗီဒီယိုထဲက စကားလုံးတွေနဲ့ အခိုက်အတန့်တွေက ကျွန်တော့်ရဲ့ ယုံကြည်မှုနဲ့ စရိုက်ကို ထင်ဟပ်မှုမရှိဘူးဆိုတာ ပြောကြားလိုပါတယ်။ ဒီလိုအပြုအမူအတွက် လေးလေးနက်နက်တောင်းပန်ပါတယ်”လို့ ရေးသားမျှဝေခဲ့တာဖြစ်ပါတယ်။
ဖာနက်ဒက်စ်အပါအဝင် အာဂျင်တီးနားအသင်းဖော်တစ်သိုက်သီဆိုခဲ့တဲ့ သီချင်းမှာ “ပြင်သစ်မှာ ကစားနေပေမယ့် သူတို့က အန်ဂိုလာနိုင်ငံသားတွေပါ။ သူတို့က ကောင်းကောင်းပြေးနိုင်ပြီး လိင်ပြောင်းထားတဲ့လူတွေနဲ့ အိပ်ရတာကြိုက်ကြတယ်။ သူတို့အမေက နိုင်ဂျီးရီးယား၊ သူတို့အဖေက ကင်မရွန်း ဒါပေမယ့် သူတို့ရဲ့ နိုင်ငံကူးလက်မှတ်မှာတော့ ပြင်သစ်လူမျိုးလို့ရေးထားတယ်….” စတဲ့စာသားတွေ ပါဝင်နေတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ဖာနန်ဒက်ဇ်ဟာ အဆိုပါဗီဒီယိုက ဖျက်ပေးဖို့ ညွှန်ကြားခံထားရပြီး ကစားသမားအနေနဲ့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားဟာ ပြင်သစ်ကို အနိုင်ရပြီး ဆုဖလားကို ဆွတ်ခူးခဲ့ပေမယ့် အသင်းရဲ့ပရိသတ်တွေကတော့ လူမျိုးရေးခွဲခြားတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ ဒီလို လူမျိုးရေးခွဲခြားမှုတွေ ဖြစ်ပေါ်လာခြင်းမှာ ပြင်သစ်အသင်းရဲ့ ကစားသမားအများစုဟာ အာဖရိကမှာမွေးဖွားလာခဲ့ပြီး ပြင်သစ်လူမျိုးအစစ်မဟုတ်ကြတာကြောင့် ဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။
သီချင်းထဲမှာပါဝင်တဲ့ “လိင်ပြောင်းထားတဲ့လူနဲ့ အိပ်ရတာကြိုက်တယ်”ဆိုတဲ့ စာသားကတော့ ပြင်သစ်အသင်းခေါင်းဆောင် ကီလီယန်အမ်ဘာပေနဲ့ လိင်ပြောင်းအမျိုးသမီး အင်နက်စ်ရာယူတို့ရဲ့ ကောလာဟလသတင်းကို စောင်းမြောင်းသီဆိုထားတာဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဖာနန်ဒက်ဇ်ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၁၂၁ သန်းနဲ့ ချဲလ်ဆီးသို့ ရောက်ရှိလာခဲ့ပါတယ်။
လက်ရှိချဲလ်ဆီးအသင်းမှာ အာဖရိကဖွား ပြင်သစ်ကစားသမားတွေလည်း အများအပြားရှိနေတာကြောင့် အသင်းဖော်တွေအနေနဲ့ ဖာနန်ဒက်ဇ်ရဲ့လုပ်ရပ်ကို နှစ်သက်ကြခြင်းမရှိဘူးလို့သိရပါတယ်။ ချဲလ်ဆီးနောက်ခံလူ ဝက်စလေဖိုဖာနာကတော့ ဖာနန်ဒက်ဇ်ရဲ့ဗီဒီယိုကို “တားမြစ်ထားတဲ့ လူမျိုးရေးခွဲခြားမှု” လို့ပြန်လည်တုံ့ပြန်ခဲ့ပြီး အင်စတာဂရမ်မှာလည်း အန်ဖောလိုးလုပ်ခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် နောက်ထပ် ချဲလ်ဆီးရဲ့ အာဖရိကဖွားပြင်သစ်ကိုယ်စားပြုကစားသမားတွေဖြစ်တဲ့ ဒီဆာဆီနဲ့ ဂူစတိုတို့ကလည်း ဖာနန်ဒက်ဇ်ရဲ့အင်စတာဂရမ်အကောင့်ကို အန်ဖောလိုးလုပ်ခဲ့ကြပါတယ်။
ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကလည်း ဒီလိုခွဲခြားဆက်ဆံမှုကို လက်မခံနိုင်ကြောင်း ပြောကြားခဲ့တာကြောင့် ချဲလ်ဆီးအနေနဲ့ ဗီဒီယိုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။